Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့:

  • နစ်ဆန်းယာဉ်များ မလေးရှားကုမ္ပဏီ ရောင်းချမည်
  • အားနည်းချက်များရှိသော်လည်း BRT စနစ်ကို မဖြစ်မနေ ဖော်ဆောင်မည်
  • နေပြည်တော်လမ်းမများပေါ်၌ ယာဉ်ကြောသတ်မှတ်ချက်များ စာဖြင့်ရေးသားထား
  • လုပ်ငန်းသုံး နစ်ဆန်းမော်တော်ယာဉ်သစ်များ စရောင်း
  • ရန်ကုန်တွင် တိုယိုတာပရိုဘောက်ဝယ်ယူမှု ဆက်လက်ရှိနေ
  • လိုင်စင်မဲ့ကား ၁၅၇၈ စီး ဖမ်းမိ
  • အင်္ဂလိပ်ယာဉ်နံပါတ် နောက်အက္ခရာတစ်ခု ထွက်ရှိလာ--more-

news_this_week

နစ်ဆန်းယာဉ်များ မလေးရှားကုမ္ပဏီ ရောင်းချမည်

နစ်ဆန်းကုမ္ပဏီ၏ ကိုယ်စားလှယ်ကုမ္ပဏီအဖြစ် မလေးရှားအခြေစိုက် Tan Chong Motor Group က မြန်မာနိုင်ငံတွင် နစ်ဆန်းမော်တော်ယာဉ်များ ဖြန့်ချီရောင်းချမည်ဖြစ်ကြောင်း ဇူလို်င်လ ၂၉ ရက်နေ့တွင် ကြေညာသည်။ အဆိုပါကုမ္ပဏီ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော ECTM(Myanmar) က NISSAN အမှတ်တံဆိပ်များကို စတင်မိတ်ဆက်ဖြန့်ချီမည်ဖြစ်ကြောင်း သိရှိရသည်။ Tan Chong Motor Group က ပြည်တွင်းမော်တော်ယာဉ်ဈေးကွက် ဝေစုရရှိထားပြီးဖြစ်သော နစ်ဆန်းအမှတ်တံဆိပ်မော်တော်ယာဉ် အရောင်းပြခန်း NISSAN 3S Center ကို ရန်ကုန်မြို့တော် ပြည်လမ်းတွင် ဇူလိုင် ၃၁ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာထားသည်။

Ref: The Voice Daily

အားနည်းချက်များရှိသော်လည်း BRT စနစ်ကို မဖြစ်မနေ ဖော်ဆောင်မည်

မ.ထ.သ(ဗဟို) နှင့် ကပရ တို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်သော BRT စနစ်အမြန်ယာဉ်လိုင်းပြေးဆွဲခြင်းတွင် ပြည့်စုံရမည့်အချက် များသော်လည်း မြန်မာပြည်အနေအထားနှင့် အားနည်းချက်များရှိနေသေးကြောင်း မ.ထ.သ ဥက္ကဌ ဦးလှအောင် ပြောပြသည်။ အားနည်းချက်များရှိသော်လည်း မဖြစ်မနေဖော်ဆောင်ရမည်ဖြစ်ပြီး မြန်မာပြည်၏ အနေအထားဖြင့် သင့်တော်သည့် နည်းလမ်းများနှင့် ဖော်ဆောင်ရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

Ref: Auto World

ရန်ကုန် City Taxi အဖြစ် မှတ်ပုံတင်ရာတွင် အသစ်သွင်းလာသည့် အဌားယာဉ်ကားသစ်များ ပါဝင်မှုနည်းပါး

ရန်ကုန်မြို့တွင် အသစ်တင်သွင်းလာသည့် အဌားယာဉ်များကို AA,BB,CC ဟူ၍ ချပေးရာတွင် City Taxi အဖြစ် မှတ်ပုံတင်ရာတွင် အဆိုပါယာဉ်များပါဝင်မှုနည်းပါနေကြောင်း သိရှိရသည်။ City Taxi မှတ်ပုံတင်ထားသော ကားများသည် ရန်ကုန်မြို့တွင်း၌ များစွာပြေးဆွဲနေကြောင်း သိရှိရသည်။ ယခင် Taxi ပိုင်ရှင်များမှ City Taxi ဟူ၍ အမည်ဖြင့် ပြောင်းလဲကာ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်ကြာင်းနှင့် ရန်ကုန်မြို့တွင်းရှိ Taxi များကို City Taxi အဖြစ်သို့ မှတ်ပုံတင်ရန် ယခင်ကတည်းက ညွန်ကြားခဲ့သော်လည်း ယခုအချိန်အထိ City Taxi အဖြစ်မှတ်ပုံတင်ထားသည့် Taxi အရေအတွက်မှာ (၃ဝဝဝဝ) နီးပါးသာ ရှိနေကြောင်း သိရသည်။

Ref: Auto World

နေပြည်တော်လမ်းမများပေါ်၌ ယာဉ်ကြောသတ်မှတ်ချက်များ စာဖြင့်ရေးသားထား

ဌာနဆိုင်ရာအများစုဖြင့် ဖွဲ့စည်းထားသော နေပြည်တော်လမ်းမများပေါ်၌ သတ်မှတ်ယာဉ်ကြောအတိုင်းသွားကြရန် လမ်းဘေးဝဲယာတွင် သတိပေးဆိုင်းဘုတ်များ ကပ်ထားသည့်အပြင် သတ်မှတ်ယာဉ်ကြောများအား လမ်းများပေါ်တွင် စာရေးသတ်မှတ်ချက်များ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ကြောကျပ်မှုအတွက် BRT စနစ်ကျင့်သုံးရန်အတွက် လေ့လာစဉ်ကာလတွင် နေပြည်တော်မြို့တွင်းလမ်းများတွင် အလယ်မှ သံဇကာခြားကာ စာရေးထားသော သတ်မှတ်လမ်းများအတိုင်း မောင်းနှင်နေရသည်က နေပြည်တော်တွင် BRT စနစ် စတင်ကျင့်သုံးနေပြီဟုပင်ဆိုကြောင်း နေပြည်တော်အခြေစိုက်ရုံးတစ်ရုံးမှ ဝန်ထမ်းတစ်ဦးမှ ပြောကြားသည်။

Ref: Auto World

လုပ်ငန်းသုံး နစ်ဆန်းမော်တော်ယာဉ်သစ်များ စရောင်း

လုပ်ငန်းသုံး နစ်ဆန်းမော်တော်ယာဉ်များဖြစ်သည့် Nissan Navara နှင့် NV 300 Urvan မော်တော်ယာဉ်အသစ်များကို ဇူလို်င်လ ၃၁ ရက်နေ့မှ စတင်ရောင်းချနေပြီဖြစ်ကြောင်း အဆိုပါမော်တော်ယာဉ်များကို မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် တင်သွင်းရောင်းချခွင့် လိုင်စင်ရရှိထားသည့် United Diamond Motor အုပ်ချုပ်မှုဒါရိုက်တာက ပြောကြားသည်။ က.ည.န မှ ယာဉ်မှတ်ပုံတင်ရရှိထားသည့် Nissan Navara ဒီဇယ်ပစ်ကပ်မော်တော်ယာဉ်ကို အပြီးအစီး ကျပ်သိန်း ၂၃ဝ နှင့် Nissan Urvan ၁၅ ယောက်စီး ဒီဇယ်မော်တော်ယာဉ်ကို ကျပ်သိန်း ၃၈ဝ ဖြင့် စတင်ရောင်းချမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။ အဆိုပါကားများကို အရောင်းပြခန်းဖွင့်လှစ်ရောင်းချခြင်းအပြင် နစ်ဆန်းမော်တော်ယာဉ်များအတွက် ရောင်းချပြီးနောက်ပိုင်း ဝန်ဆောင်မှု၊ အပိုပစ္စည်းရောင်းချခြင်းများလည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

Ref: The Voice Daily

ရန်ကုန်တွင် တိုယိုတာပရိုဘောက်ဝယ်ယူမှု ဆက်လက်ရှိနေ

ဇူလို်င် နောက်ဆုံးပတ်တွင် ကားဈေးကွက်အေးသော်လည်း ရန်ကုန်ဝယ်လက်များက တိုယိုတာပရိုဘောက်ကို ဆက်လက်ဝယ်ယူမှုရှိကြကြောင်း မင်းရဲကျော်စွာယာယီယာဉ်ရောင်းဝယ်ရေးစခန်းရှိ ဝယ်ရောင်းများထံမှ သိရှိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မန္တလေး – ပြင်ဦးလွင်လမ်းတွင် တိုယိုတာပရိုဘောက်ကားများ မီးခိုးထွက်ခြင်း၊ မီးလောင်ခြင်းတို့ ဖြစ်ပေါ်ပြီးနောက် ရန်ကုန်ဈေးကွက်တွင် ပရိုဘောက်ဝယ်ယူမှု ခေတ္တရပ်တန့်ခဲ့သည်။ ဇူလိုင် ၃၁ ရက်တွင် အရောင်းအဝယ်အနည်းငယ်ဖြစ်နေသည့် ကားဈေးနှုန်းများမှာ ယခင်ဈေးနှုန်းများအတိုင်း ဖြစ်သည်ဟုဆိုသည်။

Ref: 7 Day Shopping Guide

လိုင်စင်မဲ့ကား ၁၅၇၈ စီး ဖမ်းမိ

လိုင်စင်မဲ့ကားများကို ပြည်နယ်၊ တိုင်းဒေသကြီးနှင့် ဝန်ကြီးဌာနတို့မှ ဖမ်းဆီးရရှိမှုမှာ စုစုပေါင်းမှာ ၁၅၇၈ စီးရှိကြောင်း ပထမအကြိမ်အမျိုးသားလွတ်တော်သတ္တမပုံမှန်အစည်းအဝေးတွင် စီးပွား/ ကူးသန်း ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းက ဖြေကြားသည်။ ပြည်တွင်းသို့ လိုင်စင်မဲ့ကားများ ဝင်ရောက်မှုမရှိစေရန် နယ်စပ်ချစ်ကြည်ရေးတံတားများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တာဝန်ရှိဌာနဆိုင်ရာအဖွဲ့နှင့် တပ်မတော်တို့ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့်လည်းကောင်း၊ နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် နယ်ခြားစောင့်တပ်များနှင့် ပြည်သူ့စစ်အဖွဲ့များဖြင့်လည်းကောင်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများနှင့် တရားမဝင် ဝင်ရောက်လာနိုင်သော လမ်းကြောင်းများတွင် ဌာနဆို်င်ရာအဖွဲ့အစည်းများဖွဲ့စည်းကာ ရှောင်တခင်စစ်ဆေးခြင်း အစရှိသည်တို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Ref: 7 Day Shopping Guide

အင်္ဂလိပ်ယာဉ်နံပါတ် နောက်အက္ခရာတစ်ခု ထွက်ရှိလာ

ပြည်ပမှတင်သွင်းသော မော်တော်ယာဉ်များကို နံပါတ် ၄စ/ ၈ဝဝဝ မှစ၍ အင်္ဂလိပ်အက္ခရာ 4F/ 8000 အဖြစ်သတ်မှတ်ပြောင်းလဲခဲ့သည်။ ယခုနောက်ဆုံးနံပါတ် 4F/ 9999 ကုန်ဆုံးသဖြင့် မူသေနံပါတ် 5F/ 1001 စတင်ထုတ်ပေးနေကြောင်း သိရှိရသည်။ ပေါင်းခြင်း( ၁ဝ၊ ၁၃) မပါ နံပါတ်များကို သတ်မှတ်ပေးကြောင်း က.ည.န မှ သတင်းထုတ်ပြန်သည်။ ယင်းထုတ်ပေးသည့်နေ့တွင် အိမ်းစီးယာဉ် ၁၆၈ စီး၊ ကုန်တင်ယာဉ် ၁ဝ စီး၊ ခရီးသည်တင်ဘတ်စ် ၂ စီး စုစုပေါင်း ၁၈ဝ စီးကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

Ref: 7 Day Shopping Guide

Author