Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့:

  • မော်တော်ယာဉ်အသစ် အရောင်းပြခန်းဖွင့်ခွင့် နှစ်ကုန် စဖွင့်ပြုဖွယ်ရှိ
  • ကားပြခန်းများက ဝယ်ယူသဖြင့် စလစ်ဈေးတက်နိုင်
  • ကားပွဲစားတန်းတွင် ကုမ္ပဏီတင်သွင်းကားများ နေရာယူရောင်းချ
  • ဂျပန်လေလံတွင် Light Truck များ ဈေးဆက်တိုက်တက်
  • ဗင်ကားများ မိုးရာသီတွင် အရောင်းအဝယ်ဖြစ်
  • KIA ကားဝယ်လျှင် ကျပ်ငါးသိန်းဖိုး ဆီအခမဲ့ထည့်ခွင့်ပြုမည်
  • Showroom များ၌ ၂ဝဝ၈ခုနှစ် မော်ဒယ်လ်အထက်ကားများ ရောင်းချခွင့်ရမည့် သတင်းကြောင့် ကားဈေးကွက်အတွင်း ၁၃ဝဝ စီ ကားများ အရောင်းအဝယ်အေးစက်
  • မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်း ပြောင်းရွှေ့ရေး နေရာမသေချာသေး--more-

မော်တော်ယာဉ်အသစ် အရောင်းပြခန်းဖွင့်ခွင့် နှစ်ကုန် စဖွင့်ပြုဖွယ်ရှိ

မော်တော်ယာဉ်အသစ်အရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချခွင့်ကို ယခုနှစ်ကုန်ပိုင်းတွင် စတင်ခွင့်ပြုဖွယ်ရှိကြောင်း စီးပွား/ ကူးသန်းဝန်ကြီးဌာန နှင့်နီးစပ်သူတစ်ဦးမှ ပြောကြားသည်။ လက်ရှိတွင် ပြည်ပမှ အသုံးပြုပြီးသား ၁၉၉၇ မော်ဒယ်လ်မှ ၂ဝဝ၈ မော်ဒယ်လ် တစ်ပတ်ရစ်မော်တော်ယာဉ်များကို အပ်ကုန်စနစ်( ကားရောင်းကုန်မှ ငွေသွင်း) ဖြင့်သာ ရောင်းချခွင့်ပြုထားကာ ၂ဝဝ၈ မော်ဒယ်လ်မော်တော်ယာဉ်များကိုမူ အခြားလူများ၏ အမည်ဖြင့် နိုင်ငံခြားငွေစာရင်းများ ဖွင့်လှစ်တင်သွင်းရောင်းချခြင်းဖြစ်ကြောင်း မော်တော်ယာဉ်အရောင်းပြခန်းလုပ်ငန်းရှင်များက ပြောကြားသည်။စီးပွား/ ကူးသန်းဝန်ကြီးဌာနမှမူ မော်တော်ယာဉ်အရောင်းပြခန်းများ ဖွင့်လှစ်ခွင့်ပြုမည့်အစီအစဉ်နှင့် ပတ်သက်၍ အတည်ပြုခြင်းမရှိသေးကြောင်း သိရှိရသည်။

Ref: The Voice Daily

ကားပြခန်းများက ဝယ်ယူသဖြင့် စလစ်ဈေးတက်နိုင်

ကားအရောင်းပြခန်းများတွင် ယာဉ်အသစ်များကို စလစ်ကပ်ရောင်းချရသဖြင့် ယာဉ်တင်သွင်းခွင့်ရ အထူးပါမစ်ဈေးနှုန်းများ ထပ်တက်လာနိုင်ကြောင်း သိရသည်။ ၂ဝ၁၃ ခု၊ဇူလိုင် ၁၄ ရက် အထိ ရိုးရိုးစလစ်တစ်စောင်လျှင် ၉၂ သိန်း၊ အခွန်ဆောင်ပြီး စလစ်တစ်စောင်လျှင် ၉၅ သိန်းခန့်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့သည်။ လက်ရှိအနေအထားတွင်(သ) နံပါတ်ကားများ ဈေးကွက်တွင် ပျောက်နေပြီး ကားအရောင်းပြခန်းဖွင့်လှစ်သူများက ဝယ်ယူလှောင်ထားကြကြောင်း သိရှိရသည်။

Ref: 7 Day Shopping Guide

ကားပွဲစားတန်းတွင် ကုမ္ပဏီတင်သွင်းကားများ နေရာယူရောင်းချ

ရန်ကုန်မြို့ယာဉ်ရောင်းဝယ်ရေးစခန်းများတွင် ကုမ္ပဏီမှတင်သွင်းသောကားများ တွင်ကျယ်လာကြောင်း မင်းရဲကျော်စွာနှင့် သီရိမင်္ဂလာဈေးဟောင်း ကားရောင်းဝယ်ရေးတွင် လုပ်ကိုင်နေသော ယာဉ်ဝယ်ရောင်းတစ်ဦးမှ ပြောကြားသည်။ ကားအရောင်းပြခန်များ၏ စရိတ်ကြီးမြင့်မှုကြောင့် ယာဉ်ရောင်းဝယ်ရေးစခန်းများတွင် ကုမ္ပဏီတင်သွင်းကားများကို ပါကင်ထိုးရောင်းချမှုများ ရှိလာကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Ref: 7 Day Shopping Guide

ဂျပန်လေလံတွင် Light Truck များ ဈေးဆက်တိုက်တက်

မြန်မာနိုင်ငံတွင်အဓိကတင်သွင်းနေသည့် တစ်ပတ်ရစ်ဂျပန်ကားလေလံဈေးကွက်တွင် Light Truck 850 တစ်တန်ယာဉ်များ မေလမှစ၍ ဇူလိုင်လအထိ ဈေးများဆက်တိုက်တက်လျက်ရှိကြောင်း Nihon Car တင်သွင်းသည့် လုပ်ငန်းနှင့် ကားအပိုပစ္စည်းရောင်းဝယ်ရေးစင်တာမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။ ယခင်က Light Truck 850 တစ်စီးလျှင် ဂျပန်ယမ်း နှစ်သိန်းခွဲခန့်သာ ပေါက်ဈေးရှိခဲ့သော်လည်း ယခုယန်းသုံးသိန်းခွဲခန့်အထိ ဈေးရှိလာခဲ့ပြီး တစ်သိန်းခန့်တက်လာခြင်းဖြစ်ကြောင်း၊ ယင်းသို့ဈေးတက်ခြင်းမှာ ဂျပန်ကားလေလံဈေးကွက်တွင် Light Truck ကားများ အဝယ်လိုက်လာခြင်းကြောင့်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

Ref: The Voice Daily

ဗင်ကားများ မိုးရာသီတွင် အရောင်းအဝယ်ဖြစ်

ရန်ကုန်ကားဈေးကွက်တွင် ကာဒီနာကားနှင့် ဖင်ကောက်အမျိုးအစား ဗင်ကားများကို ရောင်းမလောက်အောင် လူကြိုက်များနေကြောင်း သိရသည်။ ကားဝိုင်းတွင် ကာဒီနာ(ဒီဇယ်) ကျပ်သိန်း ၁၇ဝ ဝန်းကျင်နှင့် ဓါတ်ဆီ ကျပ်သိန်း ၁၅ဝ ဝန်းကျင်ဖြစ်ကြောင်း၊ ပရိုဘောက်စ်ဈေးနှုန်းမှာ ကျပ်သိန်း ၁ဝဝ မှ ၁၂၅ သိန်း ဝန်းကျင်ခန့်ဖြစ်ကြောင်း သိရှိရသည်။

Ref: 7 Day Shopping Guide

KIA ကားဝယ်လျှင် ကျပ်ငါးသိန်းဖိုး ဆီအခမဲ့ထည့်ခွင့်ပြုမည်

တောင်ကိုရီးယားနိုင်ငံ KIA မော်တော်ကားကုမ္ပဏီက ထုတ်လုပ်သည့် Sorento နှင့် Optima ကားများကို KIA Showroom တွင် သတ်မှတ်ကာလအတွင်း ဝယ်ယူပါက ကျပ်ငါးသိန်းဖိုး အခမဲ့စက်သုံးဆီ ထည့်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါကားများသည် မြန်မာနိုင်ငံတွင် အခွန်အခကြီးမားမှုကြောင့် ပြည်ပပေါက်ဈေးထက် ဒေါ်လာတစ်သောင်းခန့်(ကျပ် ၉၅ သိန်း) ဈေးပိုများမည်ဖြစ်ပြီး ကားတစ်စီးလျှင် မြန်မာကျပ်ငွေ သိန်း ၄ဝဝ ခန့်ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ ယင်းကားအစီး ၆ဝ ကို ယခုနှစ် ဇူလိုင် ၁၄ မှ သြဂုတ် ၁၄ အထိ ကျင်းပမည့် အခမဲ့အရောင်းပြပွဲတော်ကာလအတွင်း ဝယ်ယူပါက Max Energy ဆီဆိုင်တွင် တစ်ကြိမ်လျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် ကျပ်ငါးသိန်းဖိုး အခမဲ့ ထည့်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ဆီထည့်ခွင့်မယူသော ဝယ်ယူသူများကို ကားတန်ဖိုးမှ ကျပ်ငါးသိန်းလျှော့ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

Ref: The Voice Daily

Showroom များ၌ ၂ဝဝ၈ခုနှစ် မော်ဒယ်လ်အထက်ကားများ ရောင်းချခွင့်ရမည့် သတင်းကြောင့် ကားဈေးကွက်အတွင်း ၁၃ဝဝ စီ ကားများ အရောင်းအဝယ်အေးစက်

အရောင်းပြခန်း(Showroom) များ၌ ၂ဝဝ၈ ခုနှစ် မော်ဒယ်လ်အထက်ကားများ တင်သွင်းရောင်းချခွင့် ပြုလိုက်သည်ဟူသော သတင်းများထွက်ပေါ်လာခဲ့သဖြင့် ယာဉ်ရေင်းဝယ်ရေးစခန်းများအတွင်းရှိ၂ဝဝ၈ မော်ဒယ်လ်နှင့် အထက် ၁၃ဝဝစီစီ ကားများ အရောင်းအဝယ်အေးစက်သွားခဲ့ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် ယာဉ်အိုယာဉ်ဟောင်းဖျက်သိမ်းရေး အစီအစဉ်အရ Showroom များကို ၁၉၉၇ ခုနှစ်နှင့် ၂ဝဝ၇ ခုနှစ် မော်ဒယ်လ်ကားများကို တင်သွင်းခွင့်ပြုထားရာ ယခုခွင့်ပြုလိုက်သည်ဆိုသော ၂ဝဝ၈ ခုနှစ် မော်ဒယ်လ်အထက်ကားများ တင်သွင်းခွင့်ရရှိပါက ကားဈေးကွက် ပြောင်းလဲသွားမည်ဟု ဝါရင့်ဝယ်ရောင်းများက သုံးသပ်ကြသည်။

Ref: Auto Mobile

မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်း ပြောင်းရွှေ့ရေး နေရာမသေချာသေး

ခုတင် တစ်ထောင်ဆံ့ အဆင့်မြင့်ဆေးရုံ တည်ဆောက်မည်ဖြစ်သောကြောင့် ပြောင်းရွှေ့ပေးရမည့် မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်း ပြောင်းရွှေ့ရေးမြေနေရာ အတိအကျ မသိရသေးကြောင်း ရန်ကုန်မြို့တော်စည်ပင်မှ အကြီးတန်းအရာရှိတစ်ဦးမှ ပြောကြားသည်။ မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်း ဝင်ပေါက်နှစ်ခုတွင် ဗိုလ်ချုပ်လမ်းဘက်မှ ဝင်ပေါက်ကိုပိတ်ထားပြီး မင်းရဲကျော်စွာဘက်မှ ဝင်ပေါက်တစ်ခုကိုသာ ဖွင့်လှစ်ပေးထားသည်။ လက်ရှိအချိန်တွင် မင်းရဲကျော်စွာယာဉ်ရောင်းဝယ်ရေးစခန်းကို မိုးတွင်းကာလပြီးဆုံးချိန်အထိ ရောင်းဝယ်ခွင့်ပေးထားရာ ယင်းကာလပြီးဆုံးပါက ပြောင်းရွှေ့ရမည့်နေရာ အတိအကျမသိရသေးကြောင်း ဝါရင့်ကားဝယ်ရောင်းကြီးများက ပြောကြားသည်။

Ref: Auto Mobile

Author