Full article

ကျွန်တော်တို့ MyanmarCarsDB ကို ဇန်နဝါရီလ ၄ရက်နေ့မှစတင်ခဲ့ရာ ယခု နှစ်လအကျော်တွင် ကျွန်တော်တို့၏ လုပ်ငန်း အကြောင်းကို The Voice Journal, Myanmar Times, မဇ္ဈိမ အစရှိတဲ့ သတင်းဌာနများမှ သတင်းဖြင့် ဖော်ပြခြင်းကို ခံရပါတယ်။

သို့ပါငြား MyanmarCarsDB လုပ်ငန်းသဘော သဘာဝကို အတိအလင်း ရှင်းပြခွင့်မရှိခဲ့ပါ။ ထို့ကြောင့် သတင်းဌာနများမှာ ကျွန်တော်တို့၏ လုပ်ငန်းကြောင့် နောင်တစ်ချိန်တွင် ကားအကျိုးဆောင်များ၊ အကျိုးဆောင်လုပ်ငန်းများတွင် ဝယ်သူ ရောင်းသူများ လိုတော့မည်မဟုတ်တော့ကြောင်း ဖော်ပြခဲ့ကြပါသည်။

ထိုသတင်းများ၏ အမြင်အရ ဆိုလျှင် ကားဝယ်သူ၊ ရောင်းသူများမှာ ကျွန်တော်တို့၏ MyanmarCarsDB ကိုသုံးကာ အကျိုးဆောင်မလိုပဲ၊ ကိုယ်တိုင် ရောင်းနိုင် ဝယ်နိုင်မည်ကြမည်ဖြစ်ရာ နောက်နောင်တွင် အကျိုးဆောင်များကို ဈေးကွက်မှာ လိုအပ်မှု မရှိတော့ဟု သုံးသပ်ကြခြင်းဖြစ်ပါသည်။

ထို အမြင်မှာ မှားသည် မှန်သည် ကျွန်တော်တို့ ကိုယ်တိုင် မသိနိုင်ပါ။ သို့သော် ပိုင်ရှင်နှင့် ဝယ်သူကိုယ်တိုင် တိုက်ရိုက် ကားဝယ်ခြင်း ရောင်းခြင်းများ၏ လိုအပ်ချက်များ ဖြစ်သည့် စာရွက်စာတမ်းများ၊ လုပ်ငန်းဆောင်တာများကို ကားရောင်းသူ ဝယ်သူကိုယ်တိုင် လုပ်ကိုင်ရမည်ကို သတိပြုရပါမည်။ ယခုအချိန်တွင် အချိန်နှင့်အမျှပြောင်းလဲနေသော ထိုသို့ လုပ်ငန်းစဉ်များကို ကားဝယ်သူ၊ ရောင်းသူများ အနေနှင့် အစစအရာရာ သိရှိရမည်ဖြစ်ပါသည်။

ထိုသို့သောလုပ်ငန်းဆောင်တာများ၊ စာရွက်စာတမ်းများကို လိုက်လံစုံစမ်းနိုင်သော ကားဝယ်သူ၊ ရောင်းသူများရှိသကဲ့သို့၊ ထိုထို ရုံးကိစ္စများအတွက် အချိန်မပေးနိုင် မစုံစမ်းနိုင်သူများလည်းရှိကြပါသည်။ မုန့်ဟင်းခါးချက်တက်ကြ သူအများအပြားရှိသော်လည်း၊ ဆိုင်မှာဝယ်စားကြသူများ ပိုများသကဲ့သို့ တကယ်သိရှိနားလည်သော အကျိုးဆောင်များ၏ အကူအညီကို အကျိုးဆောင်ခပေးကာ အစအဆုံး အပြီးအစီးလုပ်ပေးမည်ကို ကြည်ဖြူစွာ လက်ခံမည့် ရောင်းသူ၊ ဝယ်သူများ အများအပြားပင် ရှိလိမ့်ဦးမည်ဟု ကျွန်တော်တို့ယုံကြည်ပါသည်။

အမှန်အတိုင်းဆိုရလျှင် MyanmarCarsDB ၏ လုပ်ငန်းသဘာဝသည် ယခုတိုးတက်လာသည့် မြန်မာ့ကားဈေးကွက်အခြေအနေအရ ရောင်းသူဖြစ်စေ၊ ဝယ်သူဖြစ်စေ၊ ကား Import/Export လုပ်သူများဖြစ်စေ၊ အကျိုးဆောင်များဖြစ်စေ၊ မည်သူမဆို အကျိုးရှိစေရန် ရည်ရွယ်ပါသည်။

  • ကားရောင်းသူ (သို့) အကျိုးဆောင်အနေနှင့် တစ်နေကုန် ဝိုင်းတွင်ထိုင်ကာ အလုပ်မဖြစ်ဖြစ်ရခြင်း၏ လုပ်ငန်းနှေးကွေးမှုကို ဖြေရှင်းကာ မိနစ်ပိုင်းတွင်း မိမိအဆင်ပြေသည့် အချိန်တွင် ရောင်းလိုသည့် ကားအကြောင်း ကြော်ငြာတစ်ခုတင်ရုံနှင့် စိတ်ဝင်စားသူများကို ထိရောက်စေရန်၊
  • ကားဝယ်သူအနေနှင့်လည်း ဝိုင်းတွင်းမှ ကားပေါင်းများစွာကို နေပူကျဲတဲ တစ်နေကုန်လိုက်ကြည့်ကာ အပင်ပန်းခံရခြင်းကို ဖြေရှင်းကာ မိမိအဆင်ပြေရာနေရာမှနေ ကြိုက်နှစ်သက်ရာ ကားများကို တပြိုင်တည်း ကြည့်နိုင်ကာ ရွေးချယ်နိုင်စေရန် စသည့် ရည်ရွယ်ချက်များသာရှိပါသည်။

အခြားနိုင်ငံများတွင် MyanmarCarsDB ကဲ့သို့သော ဝန်ဆောင်မှုပေးသည့် web portal များတွင်ကျယ်စွာ အသုံးပြုနေကြပြီးဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ ယခုမှ စတင်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

ရောင်းသူနှင့် ဝယ်သူကြား အင်တာနက်မှချိတ်ဆက်ပြီး အရောင်းအဝယ် ပြုလုပ်ခြင်းအားဖြင့် အချိန်ကုန် လူပင်ပန်း သက်သာစေသည့်အပြင် ပွင့်လင်းမြင်သာသည့် ဈေးကွက် စီးပွားရေး စနစ်တစ်ခုကို မြှင့်တင်ပေးနိုင်မှာဖြစ်ပါသည်။

ထို့ကြောင့် တိုက်ရိုက်ရောင်းကြသည် ဖြစ်စေ၊ အကျိုးဆောင်မှ တစ်ဆင့်ရောင်းကြသည်ဖြစ်စေ၊ မည်သူမဆို ရောင်းဝယ်ရေးလုပ်ရာတွင် ပိုမိုအလုပ်တွင်စေရေးသည်သာ MyanmarCarsDB ၏ အဓိကရည်ရွယ်ချက်ဖြစ်ပါသည်။

  • မည်သို့ကြောင့် အကျိုးဆောင်များကို ပျောက်သွားစေချင်သည်ဟု သုံးသပ်ကြသနည်း။
  • ကျွန်တော်တို့၏ လုပ်ငန်းအား အကျိုးဆောင်များအနေနှင့် မည်သို့မြင်ပါသနည်းကို ကျွန်တော်တို့ကိုယ်တိုင် သိရှိနိုင်ရန်နှင့် အခြားသော သတင်းဖတ်နေသူများလည်း သိရှိနိုင်စေရန် Comment တွင်ဝင်ရောက်ဆွေးနွေးကြပါရန် ကားပိုင်ရှင်များ၊ ကားဝယ်လိုသူများ၊ အကျိုးဆောင်များကို ဖိတ်ခေါ်လိုက်ပါသည်။

Author