Full article

၂ဝ၁၅ ခုနှစ်အတွက် ထွက်ရှိမည့် CIF တန်ဖိုးအပြောင်းအလဲအား စောင့်ကြည့်နေမှုများရှိနေကာ လေလံသို့မှာယူမှုနှင့် ပြည်တွင်းအရောင်းအဝယ်တွင် အနည်းငယ်အေးနေကြောင်း ကားလေလံကုမ္ပဏီပိုင်ရှင် တစ်ဦးက ပြောကြားခဲ့သည်။ ၂ဝ၁၅ ခုနှစ်တွင် စလစ်ကပ်ကားများအား ၂ဝဝ၃ မော်ဒယ်မှစတင် တင်သွင်းခွင့်ရ မည်ဖြစ်ပြီး အခွန်နှုန်းထားလျော့ပေါ့ပေးတော့မည်မဟုတ်သဖြင့် အဆိုပါစလစ်ကပ်ကားများ၏ CIF တန်ဖိုးအား လည်း စိတ်ဝင်တစားစောင့်ကြည့်နေကြကြောင်း သိရသည်။

"လာမယ့်နှစ်မှာ ၂ဝဝ၃ ကစသွင်းရမယ်၊ အခွန်ကလည်းတပြေးညီကောက်မယ်ဆိုရင် ဒီစလစ်ကပ်ကား တွေရဲ့ CIF တန်ဖိုးက စိတ်ဝင်စားစရာပဲ။ Free Permit နဲ့သွင်းရမယ့် Belta က သိန်း ၁၃ဝ လောက်ကျပြီး Wish လိုကားကို စလစ်ကပ်ရင်လည်း သိန်း ၁၃ဝ ပဲဆိုရင် လူတွေကစလစ်ကပ်ကားကိုပဲဝယ်ကြလိမ့်မယ်။ စလစ်ကပ်ကားကိုဈေးလျော့မှပဲရမယ်။ ဒါမှ Balance ညီမယ်" ဟု ရှင်းပြခဲ့သည်။

စလစ်ကပ်ကားများအား ၂ဝဝ၃ မှစတင် တင်သွင်းရပါက Crown အမျိုးအစားမှာနံပါတ်တစ်ဝယ်ယူမှု ရှိလာနိုင်ကာ Free Permit အား ၂ဝ၁၁ မော်ဒယ်မှစသွင်းခွင့်ရလျှင် 1.3 အင်ဂျင်ပါဝါကားများရောင်းအား ကောင်းနိုင်ကြောင်း မျှော်မှန်းထားသည်ဟု အဆိုပါပုဂ္ဂိုလ်ကသုံးသပ်ပြသည်။

၁၉၉၉-၂ဝဝဝ မော်ဒယ်ကို ပြည်တွင်း၌အကြိုက်များသော Parado,Pajero,Surf တို့ကားများ မှာယူမှု ပျောက်သွားနိုင်ကာ ရောက်ရှိပြီးသား ၁၉၉၉-၂ဝဝဝ မော်ဒယ်ဒီဇယ်ကားများကိုသာ ဝယ်ယူနိုင်ကြောင်းသိရ သည်။ ၂ဝဝ၃ မော်ဒယ်ဖိုးဝှီးကားများမှာ ဓါတ်ဆီကားများဖြစ်သဖြင့် ပုံပြောင်း၍ဈေးကွာသဖြင့် အကြိုက်နည်းနိုင် ကြောင်းသိရသည်။

"လောလောဆယ်အမှာတွေရပ်ထားတယ်။ လာမယ့်နှစ် Free Permit ကို ၂ဝ၁၁ ကစသွင်းရင် 1.3 ပဲ အဝယ်လိုက်နိုင်တယ်။ မော်ဒယ်မြင့်တော့ ဈေးမလိုက်နိုင်ဘူး ။ စလစ်ကပ်မယ်ဆိုရင် ၂ဝဝ၃ ကစတော့ Crown လိုကားက အကြိုက်များလာနိုင်တယ်။ အခု CIF အပြောင်းအလဲကို စောင့်ကြည့်နေတယ်ထင်တာပဲ။ ဒါပေမယ့် ထူးထူးခြားခြားကြီးတော့ မပြောင်းလဲလိုက်ဘူး" ဟု ကားများအား ပြည်တွင်း၌ လက်ကားဖြန့်ချိပေးနေသည့် ကုမ္ပဏီဒါရိုက်တာတစ်ဦးက ပြောပြခဲ့သည်။

Ref : Auto World Journal မှကူးယူဖေါ်ပြသည်။

Author