Full article

ရန်ကုန်မြို့တွင်းရှိ အချက်ပြ မီးပွိုင့် ၁၆ဝ ကျော်ကို ထိန်းချုပ်စနစ် (Control System) ဖြင့် ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာ ရေးကော်မတီ မှ သတင်းရရှိသည်။

မီးပွိုင့် ၁၆ဝ ကျော်ကို ချိတ်ဆက်၍ ထိန်းချုပ်စနစ်ဖြင့် ဆောင်ရွက်ရန် ဂျပန်နိုင်ငံ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီမှ ကူညီပံ့ပိုးပေးမည်ဖြစ်ပြီး လက်ရှိတွင် ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်းပေါ်ရှိ မီးပွိုင့်ဆယ်ခုကို ထိန်းချုပ်စနစ် (Control System) ဖြင့် စမ်းသပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

"လက်ရှိ စမ်းသပ်နေတဲ့ မီးပွိုင့်ဆယ်ခုကလည်း ဂျပန်နိုင်ငံ JICA အဖွဲ့က ကူညီဆောင်ရွက်ပေးတာပါ၊ စမ်းသပ်မှု အောင်မြင်တာကို တွေ့ရှိရတော့ ကျန်မီးပွိုင့်တွေမှာပါ ထိန်းချုပ်စနစ်နဲ့ ဆောင်ရွက်သွားမယ်၊ အဲဒီထဲမှာ JICA က မီးပွိုင့်ငါးဆယ်ကို လှူဒါန်းမယ်၊ ထိန်းချုပ်စနစ် ဆောင်ရွက်မှုကတော့ လာမယ့် နိုဝင်ဘာလောက်မှာဖြစ်နိုင်ပါတယ်" ဟု မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန(လမ်း၊ တံတား)}မှ ဒုတိယဌာနမှူးကပြောသည်။

ရန်ကုန်မြို့တွင်း၌ မီးပွိုင့်ပေါင်း ၁၆၇ ခုရှိပြီး ထိန်းချုပ်စနစ်ကို အဆိုပါ မီးပွိုင့်များအားလုံးတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိန်းချုပ်စနစ် ဆောင်ရွက်မှုအတွက် မီးပွိုင့်များကို စောင့်ကြည့်ထိန်းချုပ်ရန် ထိန်းချုပ်ခန်း Control System ကို မြို့နယ်အလိုက် တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း ဖြစ်ပွားလျက်ရှိသော ယာဉ်ကြောကြပ်တည်းမှုကို ဖြေလျှော့နိုင်ရန်ရည်ရွယ်၍ မီးပွိုင့်များကို ထိန်းချုပ်စနစ်ဖြင့် ဆောင်ရွက်မှုတွင် ယခုနှစ်နှစ်ဆန်းပိုင်းက ရှစ်မိုင်မီးပွိုင့်ကို JICA ၏ အကူအညီဖြင့် ဆင်ဆာစနစ် ပါဝင်သော အလိုအလျောက်အချက်ပြ စနစ်သုံး၍ အဆိုပါလမ်းဆုံရှိ ယာဉ်ကြော ကျပ်တည်းမှုကို အထိုက်အလျောက် ဖြေရှင်းနိုင်ခဲ့သည်။ သို့သော်လက်ရှိ အသုံးပြုမည့်စနစ်မှာ ထိန်းချုပ် စနစ်ဖြစ်နေသည့် အတွက် ယာဉ်ကြောကျပ်တည်းမှုကို မည်မျှဖြေရှင်းနိုင်ကြောင်းကိုမူ ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း၊ သို့သော် အချက်ပြမီးပွိုင့်တစ်ခု နှင့်တစ်ခုချိတ်ဆက်ဆောင်ရွက်မှုတွင် အချက်ပြစနစ်ကို အတိအကျလိုက်နာမှုဖြင့် ယာဉ်သွားလာမှု မြန်ဆန်စေရန် ဆောင်ရွက်သင့် ကြောင်း မြို့တော်စည်ပင်မှ သိရသည်။

Credit: Auto Mobile Journal မှ ကူးယူဖေါ်ပြသည်။

Author