မော်တော်ယာဉ် ဥပဒေအသစ် ထွက်ရှိပါက နှစ်လဲယာဉ်စစ်ဆေးခြင်းလုပ်ငန်းအား ပုဂ္ဂလိကဝပ်ရှော့များကို စတင်လုပ်ကိုင်ခွင့်ပြုမည်

0

Full article

တစ်နိုင်ငံလုံးရှိ မော်တော်ယာဉ်များ နှစ်လဲယာဉ်စစ်ဆေးခြင်း လုပ်ငန်းများအား မော်တော်ယာဉ်ဥပဒေအသစ်ထွက်ရှိပါက စည်းကမ်းချက်များ သတ်မှတ်၍ ပုဂ္ဂလိကဝပ်ရှော့များကို စတင်လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂ဝ၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေအား ခေတ်စနစ်နှင့်အညီ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဥပဒေသစ်များ ထည့်သွင်းရေးဆွဲထားရှိပြီး ရှေ့နေချုပ်ရုံးထံတင်ပြထားရာ ထိုဥပဒေအသစ် စတင်အသက်ဝင်ပါက မော်တော်ယာဉ်စစ်ဆေးသည့် နှစ်လဲယာဉ်စစ်ခြင်း လုပ်ငန်းအား ပုဂ္ဂလိက လုပ်ငန်းများကို စတင်၍ လုပ်ကိုင်ခွင့်ပေးသွားရန် ဥပဒေသစ်တွင် ရေးဆွဲထားရှိပြီးဖြစ်ကြောင်း သိရသည်။

"နှစ်လဲယာဉ်စစ်ဆေးတဲ့လုပ်ငန်းကို ပုဂ္ဂလိကကုမ္ပဏီတွေ၊ ဝပ်ရှော့တွေကို လုပ်ကိုင်ခွင့်ပေးဖို့စည်ကမ်းချက်အသစ်တွေရေးဆွဲနေတယ်။ မော်တော်ယာဉ် ဥပဒေအသစ် ထုတ်ပြန်တာနဲ့ စပြီးလုပ်ကိုင်ခွင့်ပေးသွားမှာပါ။ ပုဂ္ဂလိက ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပြုဖို့အတွက်လည်း စည်ကမ်းချက်တွေသတ်မှတ်ပြီး EOI ခေါ်သွားမှာပါ။" ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

မော်တော်ယာဉ်များ နှစ်လဲယာဉ်စစ်ဆေးခြင်းလုပ်ငန်းကို ပုဂ္ဂလိကလုပ်ငန်းများမှ လုပ်ကိုင်ဆောင်ရွက်ရန်တင်ပြထားရှိသည့် ပုဂ္ဂလိကကုမ္ပဏီ ၂၈ ခုအထိရှိရာ စည်ကမ်းချက်နှင့်အညီ စိတ်ဝင်စား၍ လုပ်ကိုင်လိုသော ကုမ္ပဏီများကိုလည်း ထပ်မံလျှောက်ထားခွင့်ပြုပေးသွားမည်ဖြစ်သည်။

လက်ရှိတွင်မူ မော်တော်ယာဉ်များအား ကောက်ခံလျက်ရှိနေသည့် ယာဉ်စစ်ဆေးခနှုန်းထားများမှာ မော်တော်ယာဉ်ကြီး ၁ဝ,ဝဝဝ ကျပ်၊ မော်တော်ယာဉ်ငယ် ၅,ဝဝဝ ကျပ်၊ ဆိုင်ကယ် ၁,ဝဝဝ ကျပ်တို့ဖြင့်သတ်မှတ် ကောက်ခံနေလျက်ရှိကြောင်း သိရသည်။

Author