ရန်ကုန်တိုင်းဒေသကြီး ခရီးသည်ယာဉ်လိုင်းအသစ်တစ်ခုဖြစ်သော YBS ၉၅ ယာဉ်လိုင်းကို သန်လျှင်ကျောက်တန်း-တာမွေအထိ ခရီးစဉ်အသစ်ကို မေလအကုန်တွင် စတင်ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း ရွှေတောင်ပိုင်းအများ ပိုင်ယာဉ်လိုင်းကုမ္ပဏီက သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သန်လျှင်ဘက်ခြမ်းသို့ ပြေးဆွဲပေးနေသော ယာဉ်လိုင်းများမှာ ယာဉ်အစီးရေ နည်းပါးလျှက်ရှိပြီး ညပိုင်းတွင် ယာဉ်လိုင်းရှားပါးမှုကြောင့် ခရီးသည်များသွားလာရ အဆင်မပြေမှုများရှိနေသဖြင့် အောက်ဆိုဒ်ကားများကိုသာ အားထားသွားလာနေရကြောင်း သိရသည်။
"ကျောက်တန်းဘက်ကနေ တာမွေအထိကို YBS ယာဉ်လိုင်းအမှတ် ၉၅ နဲ့ ကားအစီးရေ ၃ဝ စီးစတင်ပြေးဆွဲမယ်။ မေလကုန်လောက်မှာ စတင်ပြေးဆွဲပေးသွားမှာပါ။ ကျောက်တန်းဘက်အခြမ်းကား ယာဉ်လိုင်းပြေးဆွဲတာနည်းတယ်။ အခုက ပြေးဆွဲမယ့် ကားတွေက အဲယားကွန်းဘတ်စ်ကားတွေနဲ့ပြေးဆွဲမှာပါ၊"ဟု ရွှေတောင်ပိုင်းအများပိုင် ယာဉ် လိုင်းကုမ္ပဏီ မန်းနေဂျင်းဒါရိုက်တာ ဦးတင်ထွန်းက ပြောကြားသည်။
ရွှေတောင်ပိုင်း အများပို်င်ယာဉ်လိုင်းကုမ္ပဏီမှ YBS အမှတ် ၉၅ ယာဉ်လိုင်းကို Hyundai ဘတ်စ်ကားမျိုးအစား ကား အစီး ၃ဝ ဖြင့် ကျောက်တန်း၊ သာကေတ၊ တာမွေ၊ အလုပ်သမားဆေးရုံအထိ ပုံသေ ယာဉ်စီးခ ၂ဝဝ ကျပ် သတ်မှတ်ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။
ရွှေတောင်ပိုင်း အများပိုင်ယာဉ်လိုင်းကုမ္ပဏီလက်အောက်တွင် ယာဉ်လိုင်းပေါင်း ၁ဝလိုင်းပြေးဆွဲနေပြီး YBS ၃၂၊ YBS ၃၃ တို့မှာ ကျောက်တန်းသို့ လည်းကောင်း၊ YBS ၃၄ မှာ ခရမ်းသုံးခွသို့ လည်းကောင်း ပြေးဆွဲပေးနေရာ ယခု YBS ၉၅ ယာဉ်လိုင်းကို ကားအစီးရေ ၅ဝ အထိ တိုးချဲ့ပြေးဆွဲပေးရန်လျှာထားကြောင်း သိရသည်။
Public Transportation