YBS အမှတ် ၁ဝဝ ယာဉ်လိုင်းကို တောင်ဒဂုံမြို့နယ်မှ ဗိုလ်တစ်ထောင်လင်းစဒေါင်းအထိ ယာဉ်အစီးရေ ၂၅ စီးဖြင့် သြဂုတ်လ ၁၂ ရက် တွင် စတင်ပြေးဆွဲပေးမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီး ခရီးသည်တင် ပို့ဆောင်ရေး YBS ယာဉ်လိုင်းတွင် G. Y. C. T Public Co,Ltd မှ YBS ၁ဝဝ မြောက်ယာဉ်လိုင်းကို သြဂုတ်လ ၁၂ ရက်တွင် ဒဂုံမြို့သစ်တောင်ပိုင်း မင်းရဲကောင်းပုံလမ်း(ကျီစု)မှ ဗိုလ်တစ်ထောင်(လင်းစဒေါင်း) အထိယာဉ် ၂၅ စီးဖြင့် စတင်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း အဆိုပါယာဉ်လိုင်းပြေးဆွဲပေးမည့် ကုမ္ပဏီထံမှ သိရသည်။

တောင်ဒဂုံ အမှတ်(၁) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ၏ တောင်းဆိုမှုအရ G. Y. C. T ယာဉ်လိုင်းYBS အမှတ် ၁ဝဝ ယာဉ်လိုင်း ပြေးဆွဲပေးသွားမည့် ခရီးစဉ်လမ်းကြောင်းများမှာ ဒဂုံမြို့သစ်တောင်ပိုင်းမှမင်းရဲကောင်းပုံလမ်း – ဧရာဝဏ်လမ်း – သာကေတအဝိုင်း – ရှူ့ခင်းသာလမ်း – ဇင်ဂမလမ်း – မင်းနန္ဒာလမ်း – သင်္ဘောကျင်း – သာကေတတံတား – ပုဇွန်တောင်စာတိုက် – ပုဇွန်တောင်ဈေး – သီတာဆိပ် – လင်းစဒေါင်း ဗိုလ်တစ်ထောင်မြို့နယ်အထိ ယာဉ် ၂၅ စီးဖြင့်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။

"YBS ယာဉ်လိုင်း အမှတ် ၁ဝဝ ကို သြဂုတ်လ ၁၂ ရက်မှစတင်ပြေးဆွဲပေးသွားမယ်။ ပြေးဆွဲပေးဖို့ကို လိုအပ်တဲ့ စည်းကမ်းချက်တွေနဲ့ကိုက်ညီမှုရှိ၊ မရှိဆိုတာကို သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ YRTA ရယ်၊ ကညနရယ် MOGE စတဲ့ အဖွဲ့အစည်းတွေက စစ်ဆေးတာတွေလုပ်နေပါတယ်။ ခရီးသွားပြည်သူတွေအကောင်းဆုံးဝန်ဆောင်မှုတွေပေးသွားမှာပါ။ အခုပြေးဆွဲတဲ့ ယာဉ်လိုင်းက ကုမ္ပဏီရဲ့ ၁ဝ လိုင်းမြောက်ယာဉ်လိုင်းဖြစ်ပါတယ်။"ဟု G. Y. C. T ယာဉ်လိုင်းဥက္ကဌ ဦးထွန်းထွန်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးခရီးသည်ပို့ဆောင်ရေးတွင် ယာဉ်လိုင်း ၁ဝဝ ခန့်ရှိလာပြီဖြစ်ရာ ယာဉ်အစီးရေ ၆,ဝဝဝ နီးပါးအထိ ပြေးဆွဲပေးနေပြီး GYCT Public Co,Ltd မှ ယာဉ်လိုင်း ၁ဝ လိုင်းနှင့် ယာဉ်အစီးရေ ၆၂၈ စီးဖြင့်ဝင်ရောက်ပြေးဆွဲပေးနေလျှက်ရှိကြောင်းသိရသည်။

Author