နောက်မှ ကျော်တက်လိုသောယာဉ်ကို ကျော်တက်နိုင်ကြောင်း မီးအချက်ပြမှုမှန်ကန်စွာအသုံးပြုနိုင်ရေး ယာဉ်မောင်းအားလုံးသို့ အသိပေးနှိုးဆော်ချက်

0

Full article

Photo Credit

၁။ ၁၉၈၉ မော်တော်ယာဉ်နည်ဒဥပဒေများအရ ထုတ်ပြန်ထားသော ညွှန်ကြားချက်၏ " မော်တော်ယာဉ်တွင် တပ်ဆင်ထားသောမီးများနှင့်  ယာဉ်မောင်းသူ၏လက်ဖြင့် အချက်ပြပုံများ" အခန်း၌ မော်တော်ယာဉ်အား ကျော်တက်နိုင်ကြောင်းကို ယာဉ်၏ လက်ယာဘက်မီးဖြင့်  အချက်ပြရန် သတ်မှတ်ပြဋ္ဌာန်းထားပါသည်။

၂။ ယာဉ်များကျော်တက်ရာတွင် ရှေ့မှယာဉ်သည် နောက်မှကျော်တက်လိုသောယာဉ်ကို ကျော်တက်နိုင်ကြောင်း ယာဉ်၏ လက်ရာဘက်မီးဖြင့် အချက်ပြခြင်းသည် အမှန်ဖြစ်သော်လည်း ယာဉ်မောင်းများ၊ အထူးသဖြင့် ကားကြီးယာဉ်မောင်းအများစုသည် အဝေးပြေးလမ်းမကြီးများပေါ်၌ ယာဉ်၏ လက်ဝဲဘက်မီးဖြင့်သာ  အချက်ပြလျက် လွဲမှားစွာ ကျင့်သုံးနေကြပါသည်။  ထိုသို့ လွဲမှားနေသည့်အတွက်  မလိုလားအပ်သော ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။

၃။ ကျော်တက်ရန်  အချက်ပြမှုအမှန်သို့ ချောမွေ့စွာ ပြောင်းလဲကျင့်သုံးနိုင်စေရေးအတွက် တစ်နို်င်ငံလုံး အတိုင်းအတာဖြင့် အသိပညာပေးမှုများ၊ စစ်ဆေးကြပ်မတ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပြီးနောက် (၁-၉-၂ဝ၁၇) ရက်နေ့ နံနက် ၆ နာရီမှစ၍ တစ်နိုင်ငံလုံးရှိ မြို့တွင်းလမ်း၊ မြို့ပြင်လမ်း၊ အဝေးပြေးလမ်း၊ အမြန်လမ်းအားလုံး၌ ယာဉ်မောင်းအားလုံးသည် အမှန်မီး အချက်ပြမှုသို့ တစ်ချိန်တည်း တစ်ပြိုင်တည်း တစ်ပြေးညီ စတင်ပြောင်းလဲကျင့်သုံးကြရမည် ဖြစ်ပါသည်။

၄။ ထိုသို့ပြောင်းလဲကျင့်သုံးမှုမတိုင်မီအတွင်း နားလည်မှု လွဲမှားမှုများ ရှိနိုင်သည့်အတွက် မော်တော်ယာဉ် ကျော်တက်မည်ဆိုပါက အခြေအနေ အရပ်ရပ်ကို သုံးသပ်၍  အထူးသတိပြုဆောင်ရွက်ကြရန် လိုအပ်ပါမည်။

၅။ ယာဉ်မောင်းအားလုံးအနေဖြင့် မြို့တွင်းလမ်း၊ မြို့ပြင်လမ်း၊ အဝေးပြေးလမ်း၊ အမြန်လမ်းအားလုံး၌ နောက်မှ ကျော်တက်လိုသော မော်တော်ယာဉ်ကို ကျော်တက်နိုင်ကြောင်း ယာဉ်၏ လက်ယာဘက်မီးဖြင့် မှန်ကန်စွာ အချက်ပြခြင်းကို အလေးထားလိုက်နာကျင့်သုံးကြပါရန်နှင့် (၁-၉-၂ဝ၁၇)ရက်နေ့ နံနက်(၆) နာရီမှစ၍ တစ်နို်င်ငံလုံးအတိုင်းအတာဖြင့် အမှန်သို့ တစ်ပြေးညီ ပြောင်းလဲကျင့်သုံးနိုင်ရေး ပူးပေါင်းဆောရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

အမျိုးသားယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ

မြန်မာ့အလင်းသတင်းစာမှ ကောက်နှုတ်ဖော်ပြချက်ဖြစ်ပါသည်။

Author