Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်း အပ်နှံဆဲဖြစ်သည့် 'လ၊သ၊အ'အပ်ကားများ ရှားပါးလာခြင်းကြောင့် ထပ်မံခေါ်ယူမည့် အက္ခရာအား ယာဉ်ပိုင်ရှင်များအနေဖြင့် စိတ်ဝင် တစား စောင့်ကြည့်နေရကြောင်း ကားဝယ်/ရောင်းများထံမှ သိရသည်။ 388483

လက်ရှိအချိန်တွင် အပ်နှံဆဲ 'အ'အက္ခရာကားများမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း အစီးရေ ၄,၇၅ဝ ရှိရာ ဖေဖော်ဝါရီ ၁ဝ ရက်တွင် အစီးရေ ၄,၁ဝ၇ စီး အပ်နှံပြီးစီးခဲ့ပြီး ဖြစ်သည်။ ထို့အတူ အပ်နှံရန်ကျန်ရှိသည့် 'လ' အက္ခရာကားများမှာ အပ်နှံရန် ၄,ဝ၅၄ စီး ရှိသည့်အနက် ဖေဖော်ဝါရီ ၁ဝ ရက်အထိ အစီးရေ ၃,၉၃၅ စီး အပ်နှံခဲ့ပြီး 'သ' အက္ခရာ ကားများမှာ အပ်နှံရန် အစီးရေ ၄,၇ဝဝ ရှိသည့်အနက် နယ်ကားများအပါ အဝင် ၄,၇၁၅ စီးအပ်နှံပြီး ဖြစ်ကြောင်း သိရသည်။ Chery QQ3 ကားများအပ်နှံမှုတွင် ဖေဖော်ဝါရီ ၁ဝ ရက်အထိ အစီးရေ ၂၃၁ စီး အပ်နှံပြီးစီးခဲ့ပြီး အက္ခရာစုံမှ နေ့စဉ် ကားအစီးရေ ခြောက်ဆယ်ဝန်းကျင်ခန့် လာရောက်အပ်နှံလျက် ရှိကြောင်း 'ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုဌာန'မှ သိရသည်။ "ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုက အရင်ရက်တွေက ထက်စာရင် အခုရက်ပိုင်းမှာ အပ်နှံမှု ပြန်များလာတာ တွေ့ရတယ်၊ အပ်နှံဖို့ ကျန်ရှိတဲ့ အက္ခရာ ကားတွေလည်း လာရောက် အပ်နှံကြပါတယ်၊ အပ်နှံမှုစာရင်း အရ အပ်နှံမယ့်ကားတွေကလည်း အနည်းငယ်ပဲရှိတော့တယ်၊ နောက်ထပ် အပ်နှံခွင့်ပြု မယ့် အက္ခရာ ကတော့ အက္ခရာအစဉ်လိုက်ပဲ ခေါ်မလား၊ ယာဉ်သက်တမ်းအလိုက်ပဲ ခေါ်မလားဆိုတာ မသိရသေးပါဘူး၊ ရုံးချုပ်က ညွှန်ကြားချက်လည်း မလာသေးတဲ့ အတွက်ပြောလို့ မရဘူး၊ ညွှန်ကြားချက်ရတာနဲ့ အချိန်နဲ့တစ်ပြေးညီ ပြောကြားမှုတွေ ပြုလုပ်ပြီး အပ်ကားတွေကိုလက်ခံပေး သွားမှာဖြစ်ပါတယ်" ဟု ယာဉ်အို၊ယဉ်ဟောင်း အပ်နှံမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အပ်ကား ရှားပါးလာခြင်းနှင့် အတူထပ်မံခေါ်ယူမည့် အက္ခရာကို မသိရသေးသောကြောင့် အပ်ကားများ၏ ဈေးနှုန်းသည် အနည်းငယ် မြင့်တက် သွားခဲ့ပြီး 'အ'အက္ခရာ စလစ်တစ်စောင်လျှင် ကျပ် ၁ဝ၄ သိန်းဝန်းကျင်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

Ref : Automobile

Author