အမည်ပေါက်ပြောင်းပြုလုပ်ထားသောကားများ ယာဉ်စစ်ကင်းလွတ်ခွင့် ပေးရန်ရှိ

0

Full article

အမည်ပေါက်ပြောင်းပြုလုပ်ထားသောကားများ ယာဉ်စစ်ကင်းလွတ်ခွင့်ပေးသွားရန် ရှိနေကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနထံကနေ သိရသည်။

မှတ်ပုံတင်ပြုလုပ်ထားသောကားများ ယာဉ်ပိုင်ရှင်အမည်ပေါက် ပြောင်းလဲလျှောက်ထားလာလျှင် ယာဉ်မှန်၊မမှန် စစ်ဆေးခြင်းကို ကင်းလွတ်ခွင့်ပေးသွားမည်ဖြစ်ပြီး ယာဉ်သက်တမ်းတိုးပြုလုပ်ထားပြီးဖြစ်ပါက သတ်မှတ်ချက်များ ရေးသွင်းထားရှိပြီးဖြစ်သောကြောင့် ယာဉ်မှန်၊ မမှန် စစ်ဆေးရန် မလိုအပ်တော့ဘဲ လုပ်ဆောင်ပေးသွားရန်စီစဉ်နေကြောင်း သိရပါသည်။

"ယာဉ်သက်တမ်းတိုးရင် အချက်အလက်တွေအကုန်ရှိပြီးသားဖြစ်လို့ အမည်ပေါက်ပြောင်းမယ်ဆိုရင် ယာဉ်စစ်တာကို မလုပ်ဖို့ ရှိပါတယ်။ တစ်ခြားကားတွေနဲ့မှတ်ပုံတင်ရမယ့် ကားတွေကတော့ ယာဉ်မှန်၊ မမှန် စစ်ဆေးတာကို လုပ်ဖို့လိုပါတယ်။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ကားစီးရေ ၉ သိန်းကျော်ရှိသည့်အနက် ၂သိန်းကျော်သာ အမည်ပေါက်ပြုလုပ်ထားပြီး အဆို ပါ ယာဉ်များအား အခွန်ဦးစီးဌာနတွင် အခွန်ပေးဆောင်စေကာ ၄င်းဌာနမှထုတ်ပေးသည့် အခွန်ပုံစံ(၁) မူရင်းပါရှိလျှင် ယာဉ်စစ်ဆေးပြီး အမည်ပြောင်းလဲခြင်းကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်းသိရသည်။

ယာဉ်လက်ဝယ်ရှိသူများအနေဖြင့် အမည်မပြောင်းရခြင်း အကြောင်းရင်းမှာ အခွန်ပေးဆောင်ရန် ငွေကြေးအခက် အခဲများ ရင်ဆိုင်နေရခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

အခွန်ဌာနအနေဖြင့် ကနဦးမှတ်ပုံတင်ထားသူအမည်၊ အမည်ပြောင်းလဲ၍ မှတ်ပုံတင်ထား သူအမည်တို့အား computerize system ဖြင့် စနစ်တကျ မှတ်တမ်းထိန်းသိမ်းထားမည်ဖြစ်ကာ ရပ်ကွက်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးများမှလည်း မိမိရပ်ကွက်၊ မြို့နယ်အတွင်းရှိ နေအိမ်များတွင် ပိုင်ဆိုင်သောယာဉ်များ၏ စာရင်းများကို မှတ်တမ်းကောက်ယူထားရှိပါက ယာဉ်လက်ဝယ်ရှိသူပိုင်ရှင်များအား အနီးစပ်ဆုံးသိရှိနိုင်မှာ ဖြစ်ကြောင်းသိရသည်။

R-01

Author