Full article

မေတ္တာလှိုင်းယာဉ်လိုင်းမှ ထပ်မံတင်သွင်းမည့် ခရီးသည်တင်ယာဉ်များ သဘာဝဓာတ်ငွေ့ ရရှိမှုခက်ခဲပါက LPG ဓာတ်ငွေ့ရည်ဖြင့် ပြောင်းလဲပြေးဆွဲမည် ဖြစ်ကြောင်း 'မေတ္တာလှိုင်းခရီးသည်တင်ယာဉ်လိုင်း'မှ သတင်းရရှိသည်။LPG-Gas-500x282

အဆိုပါ ယာဉ်လိုင်းတွင် ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလကုန်က ခရီးသည်တင်ယာဉ် သုံးစီးခန့် LPG တပ်ဆင်ခဲ့ပြီး ထပ်မံတိုးမြှင့် တပ်ဆင်သွားမည်ဟု သိရသည်။ ယင်းနှင့်အတူ LPG ဓာတ်ငွေ့ရည် အသုံးပြုပုံများ၊ သတိပြုရမည့် အချက်များကိုလည်း သင်တန်းများ ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။ "ဒီ LPG က ရိုးရိုး ဒီဇယ်၊ ဓာတ်ဆီတွေထက်စာရင် ဈေးနှုန်းလည်း သက်သာပြီး ဆီစားလည်းသက်သာတဲ့အတွက် အခုဆိုရင် ကားတွေကို အဲကွန်းဖွင့်ပြီး မောင်းခိုင်းနေတယ်၊ အဲဒါကြောင့် ခရီးသည်တွေ အနေနဲ့ သက်သောင့်သက်သာ သွားလာနိုင်သလို ကျွန်တော်တို့ ယာဉ်လိုင်းကို စောင့်စီးမယ့် ခရီးသည်တွေလည်း ပိုများလာနိုင်တယ်၊ယာဉ်လုပ်သားတွေ ကို LPG အသုံးပြုနည်းတွေ ကျွန်တော်တို့ အသေအချာ သင်ပေးထားပါတယ်"ဟု မေတ္တာလှိုင်း ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်း LPG ဓာတ်ငွေ့ရည် ကို စတင် တပ်ဆင်လျှင် ၁၂ဝ လီတာဆံ့ ဂက်စ်အိုး လေးအိုးမှ ငါးအိုးတပ်ဆင်နိုင်ပြီး ခရီးသည်တင်ယာဉ် တစ်စီးလျှင် ကျပ်သိန်းနှစ်ဆယ် ဝန်းကျင်ခန့် ကုန်ကျမည် ဖြစ်ကာ နောက်ပိုင်းတွင် ဂါလန်ဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။ အဆိုပါ ဓာတ်ငွေ့ရည် ဖြည့်သွင်းမှုကို မြန်မာ့ ရေနံနှင့် ဓာတုဗေဒလုပ်ငန်း၊ IP ၊ မြဝတီနှင့် ရွှေသန်လျင် ကုမ္ပဏီ တို့တွင် ဝယ်ယူနိုင်ပြီး Powertek Engineering Group ကုမ္ပဏီမှ Door to Door စနစ်ဖြင့်လည်း ရောင်းချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Ref: Automobile

Author