မော်ဒယ်နှစ်အနည်းငယ်ကွဲသည့် ရှဲလ်ပြောင်းထားသော ကားများ ယာဉ်မှတ်ပုံတင် ပြန်လည်ခွင့်ပြုပေးသွားမည်

0

Full article

Zawgyi

ပြည်ပမှအသစ်တင်သွင်းလာသည့် ရုပ်ပြောင်း ကားများဖြစ်ကြသော မော်ဒယ်နှစ်အနည်းငယ်ကွဲသည့် ရှဲလ်ပြောင်းလဲထားသော ကားများကို ယာဉ်မှတ်ပုံတင် ပြန်လည်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာနမှ သိရသည်။

ပြည်ပတင်သွင်းယာဉ်များနှင့် ပြည်တွင်းတပ်ဆင်ထုတ်လုပ်သော ကားများသည် မူလစက်ရုံထုတ်ပုံစံအတိုင်း ဖြစ်ရမည်ဖြစ်ရာ မော်ဒယ်နှစ်ခုခုန်ပြီး ရုပ်ပြောင်းထားသောကားများကို ခွင့်ပြုမည်မဟုတ်သော်လည်း မော်ဒယ်အနည်းငယ်ကွဲလွဲနေသည့် ရှဲလ်ပြောင်းလဲထားသော ကားများမှာ အစီး ၃ဝ ခန့်ရှိနေပြီး ၎င်းတို့ကိုမူ မကြာခင်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"မော်ဒယ်ကို ၂ဝ၁ဝ ကနေ ၂ဝ၁၆ အထိလောက်ခုန်ပီး ရုပ်ပြောင်းထားတဲ့ကားတွေကိုတော့ ခွင့်ပြုပေးမှာမဟုတ်ပါဘူး။ မော်ဒယ်အနည်းငယ်လွဲတဲ့ ရှဲလ်ပြောင်းထားတဲ့ ကားတွေကို ခွင့်ပြုပေးမှာပါ။ အခုတစ်ပတ်ထဲမှာ ၁၅ စီး လောက်တော့ခွင့်ပြုပေးလိုက်ပါပြီ။ အသစ်သွင်းလာတဲ့ ရုပ်ပြောင်း ကားတွေကတော့စက်ရုံကထုတ်ပေးတဲ့ catalog အတိုင်း တိုက်ဆိုင်စစ်ဆေးသွားပါမယ်" ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယခင်က ကနဦးမှတ်ပုံတင်ပြုလုပ်ထားပြီးသော ရုပ်ပြောင်းလဲထားသည့် ကားများကို ခွင့်ပြုပေးမည်ဖြစ်သော်လည်း ပြည်ပမှအသစ်တင်သွင်းလာသော Land Cruiser ကားများနှင့် Toyota Mark X ကားများတွင် Chassis မော်ဒယ်နှင့် ကားကိုယ်ထည် ရုပ်ပြောင်းထားသောကားများ ရှိနေသည့်အတွက် တိုက်ဆိုင်စစ်ဆေးမှုများပြုလုပ်မည်ဖြစ်ပြီး မူလစက်ရုံထုတ်ပုံစံမဟုတ်ဘဲ modify ပြန်လည်လုပ်ဆောင်ရုပ်ပြောင်းကားများကို ခွင့်မပြုထားကြောင်း သိရသည်။

Author