လေအိတ်များနှင့်ပတ်သက်၍ ကမ္ဘာအနှံ့ရှိမော်တော်ယာဉ်အစီးရေ ၃.၄ သန်းကို Toyota ပြန်လည်ခေါ်ယူပြင်ဆင်ဖွယ်ရှိနေ

0

Full article

၂၂၊ ဇန်နဝါရီ၊ ၂၀၂၀ - ဝါရှင်တန်မှလာသော သတင်းအရ ပြီးခဲ့သည့် အင်္ဂါနေ့ (ဇန်နဝါရီ ၂၁) က Toyota ကုမ္ပဏီသည် ကမ္ဘာအနှံ့ရှိ ၎င်းတို့၏ ရောင်းချပြီး မော်တော်ယာဉ်အစီးရေ ၃.၄ သန်းကို ပြန်လည်ခေါ်ယူပြင်ဆင်သွားဖွယ်ရှိသည်ဟု သိရသည်။ အကြောင်းအရင်းမှာ ယာဉ်တိုက်မှုများဖြစ်ချိန်တွင် လေအိတ်ပွင့်ခြင်းကို အနှောင့်အယှက်ဖြစ်စေသော အီလက်ထရောနစ်ဆိုင်ရာပြဿနာအနည်းငယ်ကြောင့်ဖြစ်သည်ဟုလည်းသိရသည်။

အဆိုပါပြန်လည်ခေါ်ယူပြင်ဆင်မှုတွင် အမေရိကနိုင်ငံရှိ မော်တော်ယာဉ် ၂.၉ သန်းပါဝင်ပြီး ထိုစာရင်းတွင် 2011-2019 Corolla ၊ 2011-2013 Matrix ၊ 2012-2018 Avalon နှင့် 2013-2018 Avalon Hybrid အမျိုးအစားများပါဝင်နေသည်။

၎င်းမော်တော်ယာဉ်များတွင် ယာဉ်တိုက်မှုများဖြစ်ပွားချိန်၌ ဖြစ်ပေါ်လာသည့် လျှပ်စစ်အသံလှိုင်းအား လုံလောက်စွာ အကာအကွယ်မပေးနိုင်သည့် electronic control unit များပါရှိနိုင်ဖွယ်ရှိသောကြောင့်ဟုလည်းသိရသည်။ ထိုသို့ပါရှိနေပါက ယာဉ်တိုက်မှုဖြစ်စဉ်အတွင်း လေအိတ် တစ်ပိုင်းတစ်စပွင့်ခြင်း သို့မဟုတ် လုံးဝမပွင့်ခြင်း ဖြစ်ပွားနိုင်၏။

ပြီးခဲ့သောနှစ် ဧပြီလအတွင်း US National Highway Traffic Safety Administration (NHTSA) မှ ချွတ်ယွင်းချက်များရှိနိုင်သော မော်တော်ယာဉ် ၁၂.၃ သန်းကို စုံစမ်းစစ်ဆေးမှုများ တိုးချဲ့လုပ်ဆောင်ခဲ့ရာတွင် ဖေါ်ပြပါ Toyota ၏ မော်တော်ယာဉ်အမျိုးအစားများပါဝင်ခဲ့သည်။

NHTSA ၏အဆိုအရ ၎င်းတို့၏ စုံစမ်းစစ်ဆေးမှုများတွင် ၂၀၁၀ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့သော Toyota ၊ Fiat Chrysler Automobiles ၊ Honda Motor ၊ Hyundai Motor ၊ Kia Motors နှင့် Mitsubishi အမှတ်တံဆိပ် မော်တော်ယာဉ်များအပါအဝင် စုစုပေါင်း ၁၂ သန်းကျော်အထိရှိခဲ့သည်။

အဆိုပါမော်တော်ယာဉ်များတွင် တပ်ဆင်ထားသော air bag control unit မှာ ယခုအချိန်တွင် ZF Friedrichshafen ပိုင်ဆိုင်ထားသော TRW Automotive Holdings Corp မှထုတ်လုပ်ထားခြင်းဖြစ်သည်။ Hyundai ၊ Kia နှင့် Fiat Chrysler တို့သည်လည်း TRW လေအိတ် ထိန်းချုပ်မှု ယူနစ်တပ်ဆင်ထားသော မော်တော်ယာဉ် ၂.၅ သန်းကျော်ကို ပြန်လည်ခေါ်ယူပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်၏။

Toyota မှနေ၍ လျှပ်စစ်အသံလှိုင်း filter များကို air bag control module နှင့် လျှပ်စစ်ကြိုးများအကြားတွင် လိုအပ်ပါက တပ်ဆင်ပေးသွားဖွယ်ရာရှိနေသည်။ Toyota မှနေ၍ အဆိုပါ ပြဿနာကြောင့် ယာဉ်တိုက်မှုအခြေအနေများကို ပြောဆိုရန်ကိုမူ ငြင်းဆန်သွားပြီး လာမည့် မတ်လ အလယ်လောက်အတွင်း ပြန်လည်ခေါ်ယူပြင်ဆင်မည့်စာရင်းတွင် ပါဝင်သော မော်တော်ယာဉ်ပိုင်ရှင်များကို အကြောင်းကြားမှုများပြုလုပ်သွားမည်ဟုလည်း သိရသည်။

Source: Reuters/de

Ref: Toyota to recall 3.4 million vehicles worldwide over air bags

Author