Full article

ကားဟောင်းများ အပ်နှံ၍ ကားအသစ်တင်သွင်းခွင့်ပြုရာတွင် ကညနမှ ကောက်ခံနေသော ယာယီမှတ်ပုံတင်ခ ၁ဝဝ ရာခိုင်နှုန်းသည် တရားမဝင်ယဉ်များကို ဒဏ်ကြေးပေးဆောင်စေသကဲ့သို့ ဖြစ်နေပြီး ဥပဒေနှင့်အညီ ပြန်လည် သုံးသပ်နိုင်ရန် ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိမ်းက အဆိုတင်သွင်းခံကြောင်း Eleven Media Group အရသိရှိရသည်။

ထို့အပြင် ကားများတင်သွင်းခွင့်ပြုရာ အစပိုင်းတွင် သတ်မှတ်ချက်များ သိပ်မများသော်လည်း ယခုနောက်ပိုင်းတွင် ကန့်သတ်ချက်များ ပိုမိုများပြားလာပြီး အခက်အခဲများ ရှိနေသည်ဟု ဦးမောင်မောင်သိမ်းမှ ပြောကြားသည်။ ယခုနောက်ပိုင်း အချို့ သတ်မှတ်ချက်များတွင် ဘယ်မောင်းဖြစ်ရမည်ဆိုသောအချက်လည်း ထွက်ပေါ်လာပြီး ထိုကန့်သတ်ချက်ကို ပယ်ဖျက်ပေးစေလိုကြောင်းလည်း ပြောကြားခဲ့သည်။ ဦးမောင်မောင်သိမ်း၏ အဆိုကို ပြည်သူ့လွှတ်တော်သို့ မတင်ပြမီ သက်ဆိုင်ရာ ဝန်ကြီးများ၊ တာဝန်ရှိအဖွဲ့အစည်းများနှင့် အရင်ဦးစွာ ကြိုတင်ညှိနှိုင်းပြီး ညှိနှိုင်းမရနိုင်သည့် ကိစ္စများကိုသာ လွှတ်တော်သို့တင်ပြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါအဆိုပြုချက်နှင့်ပတ်သက်ပြီး လူများအကြား အမြင်အမျိုးမျိုးဖြစ်ပေါ်လျှက်ရှိကာ ထောက်ခံသူများရှိသလို ထိုအဆိုကို မကြိုက်ကြသူများလည်း ရှိနေကြသည်။ ထိုအခွန် ၁ဝဝ ရာခိုင်နှုန်းကို ပယ်ဖျက်ပေးလိုက်လျှင် ငွေပိုနေသာ ချမ်းသာသူများသာ အကျိုးရှိနိုင်လိမ့်မည်ဟု စီးပွားရေးဆိုင်ရာများ လေ့လာသုံးသပ်နေသူတစ်ဦးက ပြောကြားကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။ ခရီးသည်တင်၊ ကုန်တင်ယာဉ်တွေလို အများပြည်သူအတွက် မဖြစ်မနေ လိုအပ်တဲ့ ကားတွေကလွဲလို့ အင်ဂျင်ပါဝါ ၁၅ဝဝ အထက်ကားတွေ ဆိုတာ Luxury တွေပါ။ စင်ကာပူမှာ ဆိုရင် အခွန် ၃ဝဝ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားမှာဆိုရင် အခွန် ၄ဝဝ ရာခိုင်နှုန်း ကောက်တယ်လို့ သိရပါတယ်။ ဟု Weekly Eleven News Journal အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားခဲ့သည်။ သို့သော် စင်ကာပူ၊ အင်ဒိုနီးရှားတို့တွင် အခွန် ၃ဝဝ၊ ၄ဝဝ ရာခိုင်နှုန်းကောက်ခံချင်းမှာ ကားသစ်များကို ကောက်ခံခြင်းဖြစ်ပြီး စင်ကာပူဆိုလျှင်နိုင်ငံသေးပြီး မြေနေရာ အလွန်ရှားသည့်အတွက် ဤသို့ထိမ်းချုပ်ထားခြင်းဖြစ်သည်။ ယခုကဲ့သို့ အမြင်အမျိုးမျိုး ရှိနေသော်လည်း မြန်မာနိုင်ငံကဲ့သို့ နယ်မြေကျယ်ဝန်းသောနိုင်ငံ တစ်နိုင်ငံအတွက် လူအများစု ကားစီးနိုင်ရေးမှာလည်း အရေးပါသော အချက်တစ်ချက်ဖြစ်ကြောင်း ထင်မြင်မိပါသည်။

Author