Full article

၂ဝဝ၇ ခုနှစ်မော်ဒယ်အထက် ကားများကို နိုင်ငံခြားမှ တင်သွင်းမည်ဆိုပါက ပါမစ်မလိုပဲ ခွင့်ပြုသွားမည်ဖြစ်ကြောင်း Eleven Media Group မှသတင်းအရ သိရပါသည်။ ဘဏ်စာရင်း ဖွင့်ခွင့်ပြုသည့် အသက်အရွယ်ရောက်သူတိုင်း နိုင်ငံခြားငွေဖြင့် ဘဏ်စာရင်းဖွင့်ထားပါက ထိုပမာဏသည် ကားတင်သွင်းမှုအတွက် ကိုက်ညီသည်ဆိုလျှင် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

၂ဝဝ၇ မော်ဒယ်နှင့်အထက် ကားများအား ဦးစွာတင်သွင်းခွင့် ပြုသွားမည်ဖြစ်ပြီး အခွန်နှုန်းမှာ လက်ရှိကောက်ခံနေသည့်နှုန်းအတိုင်း ကောက်ခံသွားမည်ဖြစ်သည်။ CIF ဈေးနှုန်းများမှာလည်း လက်ရှိ ၂ဝဝ၇ မော်ဒယ်အထက် ကားဈေးနှုန်းများအတိုင်း သတ်မှတ်မည်ဖြစ်ပြီး စတင်မည့်အချိန်ကိုမူ မသိရှိရသေးပါ။

အဆိုပါ ပါမစ်မလိုပဲ ကားသွင်းခွင့်ပေးမည့် အစီအစဉ်နှင့် ကားအရောင်းပြခန်းများ ရှေ့ဆက်၍ မည်သို့လုပ်ဆောင်သွားရမည်ဆိုသည့် ကိစ္စများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းနှင့် မီဒီယာများအား ရှင်းလင်းမည့် အခမ်းအနားကို ယနေ့ မေလ ၇ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရပါသည်။ ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ်မှ စတင်၍ ကားများကို တင်သွင်းခွင့်ပြုခဲ့ရာတွင် ယခုကဲ့သို့ မူဝါဒအပြောင်းအလဲ ၆ ကြိမ်ထိ ပြောင်းလဲခဲ့ပါသည်။ ထိုသို့ မကြာခဏ တင်သွင်းခွင့် မူဝါဒများ ပြောင်းလဲသောကြောင့် နစ်နာသူများရှိခဲ့ပြီး နောင်တွင် တိကျခိုင်မာသော မူဝါဒများကိုသာ ချမှတ်ပေးရန် လူအများကလိုလားလျက်ရှိပါသည်။

800px-01-yangon-calles-d02-500x375

(photo wikipedia)

ပါမစ်မလိုပဲ ကားသွင်းခွင့်ပြုခြင်းသည် ကြိုဆိုသင့်သော ကိစ္စဖြစ်သော်လည်း လက်ရှိ ကားပါကင်များ မလုံလောက်မှုနှင့် ကားလမ်းများပိတ်ဆို့မှုတို့ ပိုမိုဆိုးရွားလာနိုင်ကြောင်း လူအချို့ ကသုံးသပ်ကြသည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ ကားလိုအပ်ချက်မှာ ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများတွင်သာမက တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ဖြစ်ရာ နယ်မြို့များမှ ကားလိုအပ်နေသူများအတွက်တော့ သတင်းကောင်းတစ်ရပ် ဖြစ်ပါသည်။ ထို့အပြင် လက်ရှိရန်ကုန်မြို့ရှိ ယဉ်ကြောပိတ်ဆို့မှုများမှာ ကားများ များပြားလာခြင်းတစ်ခုတည်းကြောင့်မဟုတ်ပဲ မရှိမဖြစ်လိုအပ်သော အခြေခံအဆောက်အဦးများဖြစ်သည့် ကားပါကင်များနည်းပါးခြင်း၊ ကားလမ်းများ ကျဉ်းမြောင်းခြင်း၊ ယဉ်များ စည်းကမ်းမဲ့စွာ မောင်းနှင်ရပ်နားခြင်းနှင့် လမ်းသွားလမ်းလာများ စည်းကမ်းမဲ့စွာ လမ်းဖြတ်ကူးကြခြင်းတို့ကြောင့်လည်း ကားများပိတ်ဆို့နေရခြင်းဖြစ်ပါသည်။ ထို့အတွက် တာဝန်ရှိသူ များအနေဖြင့် ရန်ကုန်မြို့ကဲ့သို့ မြို့ကြီးများတွင် လိုအပ်နေသော အခြေခံအဆောက်အအုံ (infrastructure) များကိုလည်း တိုးတက်အောင်တည်ဆောက်သွားဖို့ လိုအပ်ပါသည်။

Author