မြန်မာ့ SKD ကားများသည် အာဆီယံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိခြင်း၊ SKD စနစ်ကြောင့် အကျိုးကျေးဇူးများရရှိခြင်းနှင့် အတိတ်မှ သင်ခန်းစာများကြောင့် အာဆီယံနိုင်ငံများနှင့်ပူးပေါင်းသင့်

0

Full article

အာဆီယံ‌‌ဒေသအတွင်း မော်တော်ယာဥ်ဆိုင်ရာထုတ်ကုန်ပစ္စည်းများ အပြန်အလှန်အသိအမှတ်ပြုရေးအစီအစဥ် (ASEAN MRA of Type Approval for Automotive products) ပါ သတ်မှတ်ချက်များနှင့် မြန်မာနိုင်ငံမှ SKD စနစ်ဖြင့်ထုတ်လုပ်သောကားများမှာ ကိုက်ညီမှုရှိပြီး SKD စနစ်ကြောင့် အကျိုးကျေးဇူးများရနိုင်သည့်အပြင် အတိတ်မှ ဇုန်ထုတ်ကားများ၏သင်ခန်းစာများနှင့် ယခင်က အခွန်ရှောင်လိုသူများ၏ လုပ်ရပ်များကို သင်ခန်းစာရယူကာ အာဆီယံနိုင်ငံများနှင့် နည်းပညာ၊ အတွေ့အကြုံ အပြန်အလှန်ဖလှယ်ဆောင်ရွက်သင့်ကြောင်း ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်နေ့တွင်ပြုလုပ်ခဲ့သော ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ အကြံပြုဆွေးနွေးခဲ့သည်။

“ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ မော်တော်ကားထုတ်လုပ်ပုံစနစ်မှာ SKD (ကားအစိတ်အပိုင်းတစ်ချို့အား သတ်မှတ်ချက်အရ တစ်စစီဖြုတ်ကာ တင်သွင်းခြင်းစနစ်) ဖြင့် မူရင်း နိုင်ငံခြားကုမ္ပဏီမှ တင်သွင်းပါတယ်။ ဒုတိယအနေနဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှာ ခွင့်ပြုမိန့်လျှောက်ထားပြီး စစ်ဆေးခံရပါတယ်။ ထို့နောက် စက်မှုဝန်ကြီးဌာန၏ သဘောထားမှတ်ချက်ရရန် မြေပြင်စက်ရုံနဲ့စက်ပစ္စည်း၊ စက်ပိုင်းဆိုင်ရာလိုအပ်ချက်များထုတ်လုပ်မှုအပိုင်း (Machines Facilities Production Process) လုပ်ငန်းစဥ်များကို အစစ်ဆေးခံပြီး စက်မှုမှတ်ပုံတင် ထုတ်ပေးပါတယ်။ MIC permit ရရှိရန်အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မီးသတ်ဦးစီး၊ စည်ပင်၊ လဝက၊ အကောက်ခွန်၊ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေး၊ ပတ်ဝန်းကျင် (ရပ်ကွက်နေ) လူထုသဘောထား၊ လျှပ်စစ်နှင့်ဘွိုင်လာစစ်ဆေးရေး တို့၏ ထောက်ခံချက်များ ရယူရပါတယ်။ ပြီးတော့မှ စက်ရုံမှာ အင်ဂျင်နီယာ၊ လေ့ကျင့်ထားသောကျွမ်းကျင်လုပ်သားများနဲ့ မော်တော်ကားတပ်ဆင်ခြင်းကို လုပ်ဆောင်ပါတယ်။ တပ်ဆင်ပြီးကားတွေကို road safety အတွက် 4 wheel alignment ၊ speed test ၊ break test ၊ side test ၊ suspension test ၊ light test ၊ emission test ၊ shower test ၊ road test ၊ oil and water notice ၊ function test စတဲ့ specification inspection များကို စက်မှုဝန်ကြီးဌာနမှ အဆင့်တိုင်းစစ်ဆေးပြီးမှ COA (Certificate of Approval) ရရှိပါတယ်။ အဲဒီနောက် ကညန ကိုသွားရောက်ပြီး အစစ်ဆေးခံရပါတယ်။ ဒီလိုစစ်ဆေးမှုအဆင့်ဆင့်ကို အာဆီယံ‌‌ဒေသအတွင်း မော်တော်ယာဥ်ဆိုင်ရာထုတ်ကုန်ပစ္စည်းများအပြန်အလှန်အသိအမှတ်ပြုရေးအစီအစဥ် (ASEAN MRA of Type Approval for Automotive products) မှာ တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ မြန်မာ့ကားတွေဟာ ကိုက်ညီမှုရှိတာတွေ့ရပါတယ်။ SKD စနစ်နဲ့ထုတ်လုပ်တဲ့အတွက် ရရှိနိုင်မယ့်အကျိုးကျေးဇူးတွေကတော့ သယ်ယူစရိတ်သက်သာတယ်။ အခွန်သက်သာတယ်။ အဲဒီအတွက် စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ပါတယ်။ အရည်အသွေးစိတ်ချရတယ်။ ရန်ကုန်လိုင်စင်ရတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေရတယ်။ ပြည်တွင်းကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ပေးနိုင်တယ်။ မော်တော်ယာဥ် ထုတ်လုပ်မှုနည်းပညာရရှိမယ်။ နိုင်ငံသားများအတွက် စီးပွားရေးအခွင့်အလမ်းတွေရလာပါမယ်။ AFTA လို့ခေါ်တဲ့ အာဆီယံလွတ်လပ်ကုန်သွယ်မှုအတွက် အဆင်သင့်ဖြစ်စေမယ်။ SKD စနစ်မှ CKD စနစ်ကိုပြောင်းလဲဖို့အတွက် အတွေ့အကြုံ၊ နည်းပညာထောက်အပံ့တွေရမယ် စတဲ့အကျိုးကျေးဇူးများရနိုင်ပါမယ်”

ဟု ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းက အာဆီယံ‌‌ဒေသအတွင်း မော်တော်ယာဥ်ဆိုင်ရာထုတ်ကုန်ပစ္စည်းများအပြန်အလှန်အသိအမှတ်ပြုရေးအစီအစဥ် (ASEAN MRA of Type Approval for Automotive products) နှင့်ပတ်သက်ပြီး အကြံပြုဆွေးနွေးခဲ့သည်။

ထို့အပြင် ၄င်းမှထပ်မံပြီး

“အတိတ်ကသင်ခန်းစာတွေကိုလည်း တင်ပြလိုပါတယ်။ ၂၀၀၆ ခုနှစ်လောက်က မြန်မာပြည်မှာ ပြည်တွင်းစက်မှုဇုန်ထုတ်ကားတွေဆိုပြီး ဒဂုံဂျစ်၊ မန္တလာဂျစ်၊ ရာဇာဂျစ် ခေါ် ဂျစ်ပု၊ ရှမ်းစတား၊ Light Truck စတဲ့ ကားဟောင်းပစ္စည်းတွေကို ဟိုကဒီက ဖြုတ်တပ်၊ ဆက်စပ်ပြီးထားတဲ့စံချိန်မဲ့ကားတွေကို ပြည်သူတွေထံရောင်းချတဲ့အတွက် ပြည်သူတွေသေကြေပျက်စီးဆုံးရှုံးခဲ့ကြရပါတယ်။ နောက်ဆုံးမှာ သိန်း ၁၀၀ ဖိုး ၃ စီးတောင် ဝယ်မယ့်သူမရှိဖြစ်ခဲ့ရပါတယ်။ နောက်တစ်မျိုးကတော့ အခွန်ရှောင်လိုသူများဟာ SKD (2) အဖြစ် တစ်စစီဖြုတ်ပြီး ပြည်တွင်းမှာအစိတ်အပိုင်းတစ်ချို့တပ်ဆင်ထုတ်လုပ်ရမယ့်အစား၊ ကားတံခါးလေးချပ်လောက်အဖြုတ်ပြပြီး CBU (Complete Build-Up) နဲ့ တစ်စီးလုံးနီးပါးသွင်းပြီးတော့ အခွန်ရှောင်တဲ့အတွက် တိုင်းပြည်ရဲ့အခွန်ငွေများနစ်နာခဲ့ရတဲ့ သာဓကများလည်းရှိခဲ့ဖူးပါတယ်။ ဒါကြောင့် အာဆီယံနိုင်ငံများနဲ့ နည်းပညာ‌ရော အတွေ့အကြုံပါ အပြန်အလှန် ဖလှယ်ဆောင်ရွက်တာဟာ ပိုမိုဘေးကင်းလုံခြုံစေပါကြောင်း ထောက်ခံတင်ပြဆွေးနွေးအပ်ပါတယ်။”

ဟု အာဆီယံ‌‌ဒေသအတွင်း မော်တော်ယာဥ်ဆိုင်ရာထုတ်ကုန်ပစ္စည်းများအပြန်အလှန်အသိအမှတ်ပြုရေးအစီအစဥ် (ASEAN MRA of Type Approval for Automotive products) ကို ထောက်ခံဆွေးနွေးခဲ့သည်။

Author