Myanmar Off Road Trophy 2019 ပွဲအား Myanmar Motor Sports Organization (MMSO) က ကြီးမှူးပြီး ကျင်းပသွားမည်

0

Full article

Myanmar Off Road Trophy 2019 ပွဲအား Myanmar Motor Sports Organization (MMSO) မှကြီးမှူးပြီး အောက်တိုဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်မန္တလေးအမြန်လမ်း ၈မိုင် ၄ ဖာလုံ၊ ငါးဆူတောင်ရှိ 8 Mile X Field Track ၌ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။


ဆိုင်ကယ်နှင့်ကား အခက်အခဲဖြတ်ကျော်လမ်းကြမ်းမောင်းနှင်ပြိုင်ပွဲ (Myanmar Off Road Trophy 2019) ၌ Motorbikes (ဆိုင်ကယ်ပြိုင်ပွဲ) နှင့် ကားပြိုင်ပွဲတွင် Stage 1 ၊ 2 ၊ 3 ဟူ၍ သတ်မှတ်ထားကြောင်းသိရသည်။ ပြိုင်ပွဲနေ့ဖြစ်သော အောက်တိုဘာလ ၂၀ ရက်နေ့ (တနင်္ဂနွေနေ့) တွင် နံနက် ၉ နာရီမှ ၁၁ နာရီခွဲအထိကို ဆိုင်ကယ်ပြိုင်ပွဲ၊ ၁၁ နာရီခွဲနောက်ပိုင်းတွင် ကား Stage 1 ၊  ၁ နာရီခွဲမှ ညနေ ၄ နာရီထိကို ကား Stage 2 ၊ ညနေ ၄ နာရီနောက်ပိုင်း ကား Stage 3 တို့ကို အသီးသီးကျင်းပသွားမည်ဖြစ်သည်။

ပြိုင်ပွဲဝင်ရန် သတ်မှတ်ချက်များအနေဖြင့် မိမိကိုယ်ပိုင် ကား/ဆိုင်ကယ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရမည်။ လိုင်စင်မဲ့ ကား/ဆိုင်ကယ်များ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြု။ ကားပြိုင်ပွဲအတွက် လိုအပ်ချက်များမှာ လေးဘီးယက်စနစ်ပါရှိရမည်။ Winch ပါရှိရမည်။ အနည်းဆုံး ၃၂လက်မ ထက် မသေးသော MT တာယာတပ်ဆင်ထားရမည်။ ကား၏ ရှေ့နှင့်နောက်နေရာများတွင် ကားဆွဲနိုင်သောနေရာပါရှိရမည်။ ယာဉ်ပေါ်လိုက်ပါမည့်လူများအတွက်လုံလောက်သော ထိုင်ခုံခါးပတ်ပါရှိရမည်။ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆိုင်ကယ်ဦးထုပ် ကဲ့သို့သော အခွံမာ (Hard shell) ဦးထုပ်နှင့် ခြေချောင်းများအထိကာကွယ်နိုင်သော shoe ဝတ်ဆင်ရမည်။ ၂ ကီလိုဂရမ်အနည်းဆုံးရှိသော မီးသတ်ဆေးဘူး (Powder Type ABC) ကိုကား၏ ယူရလွယ်ကူသောနေရာ၌ မြဲမြံစွာတပ်ဆင်ထားရမည်။ ပြိုင်ပွဲဝင်စဉ် ကားပေါ်၌ အများဆုံး လူ ၂ ဦးသာတင်ဆောင်ခွင့်ပြုသည်။ ၂၀၀၀ kg အောက်ကားများအတွက် အင်ဂျင်ပါဝါ ၃၅၀၀ အောက်သာရှိရမည်။ အောက်တိုဘာလ ၁၈ နှင့် ၁၉ ရက်နေ့များတွင် ပြိုင်ပွဲဝင်ယာဉ်များကို စစ်ဆေးသွားမည်ဖြစ်ပြီး ပျက်ကွက်ပါက ပြိုင်ပွဲဝင်စာရင်းမှပယ်ဖျက်သွားမည်ဖြစ်သည်။

ပြိုင်ပွဲ၏ ဆုအနေဖြင့် stage 1 တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုတံဆိပ်၊ stage 2 အတွက် ပထမဆု ကျပ်၅သိန်း၊ ဒုတိယဆု ကျပ် ၃ သိန်း၊ တတိယဆု ကျပ် ၁ သိန်းနှင့် ဆုတံဆိပ်များ၊ stage 3 အတွက် ပထမဆု ၁၀ သိန်း၊ ဒုတိယဆု ၅ သိန်း၊ တတိယဆု ၃ သိန်း၊ ဆုတံဆိပ်နှင့် Myanmar Off Road Trophy 2019 ချန်ပီယံဆုတို့ကို အသီးသီးပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။ အောက်ဆိုဘာလ ၁၅ ရက်နေ့အထိစာရင်းများအရ stage 1 ပြိုင်ပွဲအတွက် ကား ၁၂ စီး၊ Stage 2 အတွက် ကား ၁၀ စီး၊ Stage 3 အတွက် ကား ၁၅ စီးတို့ စာရင်းပေးထားကြောင်းသိရသည်။


Myanmar Motor Sports Organization (MMSO) မှ ကြီးမှူးပြီး Myanmar Off Road Trophy ပြိုင်ပွဲကို ၂၀၁၈ ခုနှစ်တွင်လည်းကျင်းပခဲ့ပြီး ထိုစဉ်က ကားအစီးရေ ၁၀၀ ကျော်၊ ဆိုင်ကယ်စီးရေ ၃၀ ကျော်ဖြင့် ကျင်းပခဲ့ကာ ယခုပြိုင်ပွဲသည် ဒုတိယအကြိမ်ဖြစ်ပြီး ကားအစီးရေ ၅၀ ကျော် ဆိုင်ကယ်စီးရေ ၃၀ ကျော်ဖြင့် ကျင်းပသွားရန်စီစဉ်ထားကြောင်းသိရသည်။

Author