Full article

ရန်ကုန်၊ မတ် ၁၈

စက်မှုဇုန်ထုတ်ကားများ အပ်နှံခွင့်ပြုခြင်းကို ထုတ်လုပ်သည့်နှစ်မှစ၍ သက်တမ်းငါးနှစ်ခန့် အသုံးပြုပြီးမှသာ အပ်နှံခွင့်ပေးဖွယ်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန တိုင်းဦးစီးမှုး ဦးကျော်အေးလွင်က ပြောသည်.။

8L အက္ခရာ စက်မှုဇုန်ထုတ် လိုက်ထရပ်များ၏ အရှုပ်အထွေးပြဿနာများကြောင့် ကညနက ဖေဖော်ဝါရီ ၂၇ ရက်မှစ၍ ဇုန်ကားများအပ်နှံမှု ရပ်ဆိုင်းခဲ့သည်.။ စက်မှုဇုန်ထုတ်ကားများကို ပြန်လည်အပ်နှံခွင့်ပေးမည်ဆိုပါက သက်တမ်းတစ်ခု သတ်မှတ်ပြီး အပ်နှံခွင့်ပြုရန်နှင့် လက်ရှိအချိန်တွင် ဖြစ်ပေါ်နေသော 8L အက္ခရာ လိုက်ထရပ်များကိုလည်း ကညနတွင် အပ်နှံခဲ့သည့် ပုံစံအတိုင်းအပ်နှံပါက လက်ခံဆောင်ရွက်ပေးရန် စီစဉ်နေကြောင်း သိရသည်.။

စက်မှုဇုန်ကားတွေကို ငါးနှစ်လောက် အသုံးပြုပြီးမှ အပ်နှံသင့်ပါတယ်၊ စက်မှုဇုန်ကားတွေက ငါးနှစ်လောက် အသုံးပြုပြီးသွားရင် ကြံ့ခိုင်မှု အားနည်းသွားတဲ့အတွက် လမ်းပေါ်မှာ ဆက်သုံးဖို့ မသင့်တော်တော့ပါဘူး.။ လက်တလောမှာ ကညနအနေနဲ့ ဇုန်ကားအပ်နှံမှုကို ယာယီရပ်ဆိုင်းထားပြီး ပြန်လက်ခံပေးဖို့ အတွက်ကတော့ မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီကို တင်ပြထားတုန်းပဲ ရှိပါတယ် ဟု ဦးကျော်အေးလွင်က ပြောသည်.။

စက်မှုဇုန်ထုတ် ကားများကို ပြန်လည်အပ်နှံခွင့်ပေးရန်နှင့် ပတ်သက်၍လည်း မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှုး ဦးမင်းမင်းက စက်မှုဇုန်တွေကနေ ဒီနေ့ကားထုတ်ပြီး နောက်နေ့မှာ အရည်ကျိုဖျက်ဆီးဖို့ အပ်တယ်ဆိုတာ မဖြစ်သင့်ပါဘူး.။ မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ ကြီးကြပ်မှု ကော်မတီအနေနဲ့လည်း ကားနဲ့ပတ်သက်တဲ့ မူဝါဒတွေ ချမှတ်ရမှာဖြစ်တဲ့အတွက် ရေရှည် ဘယ်လိုသွားသင့်တယ်ဆိုတာကို ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ နောက်ထပ်အပ်နှံမယ့် ဇုန်ကားတွေကို ဘယ်လောက်အသုံးပြုပြီးမှ ခွင့်ပြုမယ်ဆိုတာမျိုး လုပ်သွားသင့်ပါတယ်၊ ဇုန်ထုတ်ကားတွေကတော့ Road Safety ပိုင်းမှာ အားနည်းတဲ့ပြဿနာရှိပါတယ်၊ ကားတစ်စီးကို ထုတ်လုပ်မယ်ဆိုရင် ကားထုတ်လုပ်တဲ့ စက်ရုံတွေ ရှိသင့်ပါတယ်၊ Road Safety ဖြစ်မဖြစ်ဆိုတာ ကားတစ်စီးကို ဘယ်အင်ဂျင်နဲ့ဆင်တယ်၊ ဘယ်ဂီယာဘောက်စ်ကို သုံးတယ်ဆိုတာ ရှိတယ်၊ အဲဒါတွေအားလုံးက သုံးပြီးသားပစ္စည်းတွေ မဖြစ်သင့်ဘူး၊ ဆယ်နှစ်ကျော် အသုံးပြုထားတဲ့ အင်ဂျင်တစ်ခုက Road Safety ဖြစ်၊ မဖြစ်ဆိုတာကို သာမာန်လူတစ်ယောက်အနေနဲ့တောင် သိနိုင်ပါတယ် ဟု ပြောကြားခဲ့သည်.။

ကျော်သိန်းဆွေ၊ အောင်ပြည့်

March 20, Friday ထုတ် AutoMobile ဂျာနယ်မှ ကူးယူဖော်ပြသည်.။

Author