Full article

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး ဖွင့်လှစ်ပြီး ခြောက်နှစ်ကျော်အကြာတွင် စမ်းသပ်ကာလအဖြစ် မတ်လ ၁ဝ ရက်နေ့မှ စတင်၍ ဝင်ရိုးသုံးခုပါ ကုန်တင်ယာဉ်များကို ဖြတ်သန်းခွင့်ပြုခဲ့ရာ နှစ်ပတ်ကျော်အတွင်း အစီးရေ ၅ဝ ကျော် ဖြတ်သန်းထားကြောင်း အမြန်လမ်း ပြုပြင်ထိန်းသိမ်းရေး အင်ဂျင်နီယာမှူး ရုံး ဦးစီးအရာရှိ ဦးစည်သူစံက ပြောကြားသည်.။

အမြန်လမ်းပေါ်တွင် ဝင်ရိုးသုံးခုပါသည့် ကုန်တင်ယာဉ်များကို စမ်းသပ်ကာလသုံးလအဖြစ် မတ်လ ၁ဝ ရက်နေ့က စတင်ခဲ့ကြောင်း၊ အမြန်လမ်းအသုံးပြုခွင့် မှတ်ပုံတင်ထားသည့် ကုန်တင်ယာဉ်အစီး ၅ဝ ကျော်ရှိပြီဖြစ်ရာ ထပ်မံတိုးလာနိုင်သည့် အနေအထားရှိကြောင်း ၄င်းက ဆိုသည်.။

လက်ရှိအချိန်၌ မှတ်ပုံတင်ပြုလုပ်ကာ ဖြတ်သန်းခွင့်ပြုထားသည့် ဟင်းသီးဟင်းရွက်၊ သားငါးနှင့် ဂဏန်းအပါအဝင် စာနယ်ဇင်းကုန်စည်တင်ယာဉ်များ နေ့စဉ်ငါးစီးခန့် အသုံးပြုနေကြောင်း ဦးစည်သူစံက ရှင်းပြသည်.။

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ပြေးဆွဲဖြတ်သန်းလိုသည့် ၁ဝ ဘီးကုန်တင်ယာဉ်ကြီးများသည် စမ်းသပ်ကာလသုံးလအတွင်း ဝန်ဆောင်ခအဖြစ် ယာဉ်စည်းကမ်းလိုက်နာမှုနှင့် Traffic Data Telematics တပ်ဆင်မှုအတွက် လုပ်ကိုင်ခွင့်ရထားသည့် ကုမ္ပဏီသို့ လစဉ်ကြေးကျပ်နှစ်သောင်းနှုန်းဖြင့် တစ်နှစ်စာအတွက် ကျပ် ၂၄ဝ,ဝဝဝ ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနထံ လမ်းဖြတ်သန်းခကောက်ခံသည့် တန်အလိုက်ကျသင့်ငွေကိုသာ ပေးဆောင်ရမည်ဖြစ်ကြောင်း အမြန်လမ်းပြုပြင်ထိန်းသိမ်းရေး အင်ဂျင်နီယာမှူးရုံး နေပြည်တော်ထံမှ သိရသည်.။

တယ်လီမက်တစ်စနစ်ကတော့ တပ်ကိုတပ်ဆင်ရမှာပါ.။ ဒါမှပဲ အမြန်လမ်းပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ ကုန်စည်တင်တဲ့ယာဉ်တွေ စည်းကမ်းလိုက်နာမှုရှိမရှိ ဆိုတာ ထိန်းချုပ်စစ်ဆေးပြီး ကြီးကြပ်နိုင်မယ်.။ ယာဉ်ဖြတ်သန်းခကတော့ အမြန်လမ်းဂိတ်တွေမှာ ကောက်ခံတဲ့ စနစ်အတိုင်းပါပဲ ဟု ရန်ကုန် – မန္တလေးအမြန်လမ်း ပြုပြင်ထိန်းသိမ်းရေး အင်ဂျင်နီယာမှုးရုံး တာဝန်ကျအရာရှိတစ်ဦးက ရှင်းပြသည်.။

ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပေးနေပြီဖြစ်သော်လည်း လျှပ်စစ်ပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်း တင်ဆောင်လာသည့်ယာဉ်များ ဖြတ်သန်းခွင့်မရှိသေးသောကြောင့် ကုန်စည်တင်ဆောင်သည့် ကားဂိတ်ကြီးများ အဆင်မပြေနိုင်သေးကြောင်း၊ စည်းကမ်းနှင့်အညီ သွားလာမည့် ၁ဝ ဘီးတပ် ကုန်တင်ယာဉ်တိုင်းကို ဖြတ်သန်းခွင့်ပေးသင့်ကြောင်း တောင်ငူမြို့ခံ ကုန်တင်ကားဂိတ်ပိုင်ရှင်တစ်ဦးဖြစ်သည့် ဦးသန်းဆောင်က ပြောကြားသည်.။

The Voice Daily (April 1 2015) မှ ကူးယူဖော်ပြသည်.။

Image Credit: BBC

Author