Full article

ရန်ကုန်ကားဈေးကွက်တွင် ကျပ်သိန်း ၂ဝဝ ဝန်းကျင်ရှိသည့် စလစ်ကပ်ကားများနှင့် လုပ်ငန်းသုံးကားကြီးများ အရောင်းအဝယ်အေးနေကြောင်း လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းအတွင်းရှိ ဝါရင့်ကားဝယ်ရောင်းများထံမှ စုံစမ်းသိရှိရသည်.။

လုပ်ငန်းသုံးကားကြီးတွေ အရောင်းအဝယ်အေးနေတာက ဒီနှစ်တစ်လပိုင်းကနေပြီး ယခုလအထိ ပါကင်အခက်အခဲတွေကြောင့် ဈေးနှုန်းအနည်းငယ် မြင့်တက်လာတော့ ဝယ်ယူသူနည်းသွားတယ်။ စလစ်ကပ်ကားတွေကျတော့ ပါကင်ထောက်ခံချက်မလိုဘူးဆိုပေမယ့် ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဝယ်တဲ့သူနည်းသွားတယ် ဟု လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းအတွင်းရှိ ဝါရင့်ကားဝယ်ရောင်း ကိုအေးကျော်က ပြောသည်.။

ရန်ကုန်ကားဈေးကွက်တွင် ကျပ်သိန်း ၂ဝဝ ကျော်ဝန်းကျင်ရှိသည့် စလစ်ကပ်ကားအမျိုးအစားများဖြစ်သည့် Toyota ကုမ္ပဏီမှထုတ်လုပ်သည့် Rav4, Alphard, Crown, Mark X စသည့် ကျပ်သိန်း ၂ဝဝ ကျော်ဝန်းကျင်ရှိ စလစ်ကပ်ကားအမျိုးအစားများသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေပြီးသွားသော်လည်း ထင်သလောက် အရောင်းအဝယ်မဖြစ်ကြောင်း သိရသည်.။

ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ အရောင်းအဝယ်အနည်းငယ်သာ ဖြစ်နေသည့် ပါကင်ထောက်ခံချက်လိုသော လုပ်ငန်းသုံး ၁ဝပေ၊ ၁၂ပေ၊ Mitsubishi Canter, Toyota Dyna စသည့် အင်ဂျင်ပါဝါမြင့် ဒီဇယ်တစ်တန်ခွဲ ကျပ်သိန်း ၁၇ဝ ဝန်းကျင်ရှိ လုပ်ငန်းသုံးကားကြီးများသည်လည်း ယခုအချိန်ထိ ဝယ်ယူသူနည်းပါးနေပြီး အရောင်းအဝယ်အေးနေကြောင်း စုံစမ်းသိရှိရသည်.။

AutoCar Buyers' Guide (April 4, 2015) မှ ကူးယူဖော်ပြသည်.။

Author