ယနေ့မှစ၍ မှတ်ပုံတင် ဆိုင်ကယ်နှင့် သက်တမ်းတိုးဆိုင်ကယ် နံပါတ်ပြားများအတွက် ဒေသအလိုက် အင်္ဂလိပ်အက္ခရာဂဏန်းများ ပြောင်းလဲဆောင်ရွက်ပေးသွားမည်

0

Full article

တစ်နိုင်ငံလုံးရှိ မှတ်ပုံတင် အသစ်ပြုလုပ်သော မော်တော်ဆိုင်ကယ်များနှင့် သက်တမ်းတိုးပြုလုပ်သော ဆိုင်ကယ်များကို မြန်မာအက္ခရာမှ တိုင်းဒေသကြီးအလိုက် အင်္ဂလိပ်အက္ခရာဂဏန်းများဖြင့် ဇန်နဝါရီ ၁ဝ ရက်နေ့မှစတင်ကာ ပြောင်းလဲလုပ်ငန်း ဆောင်ရွက်ပေးနေလျက်ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ မော်တော်ဆိုင်ကယ်များအတွက် မှတ်ပုံတင် နံပါတ်ပြားများ ထုတ်ပေးနေရာတွင် မြန်မာအက္ခရာများဖြစ်သော (ယ) နံပတ်ပြားများကို ထုတ်ပေးနေရာမှ ယနေ့ ကညန ရုံးများတွင် မော်တော်ဆိုင်ကယ်များ ကနဦး မှတ်ပုံတင်ပြုလုပ်ပေးမှုအား တိုင်းဒေသကြီးအလိုက် မော်တော်ယာဉ် နံပတ်ပြားများအတိုင်း BGO ၊ MDY အစရှိသော အင်္ဂလိပ်အက္ခရာနံပါတ်ပြားများဖြင့် ပြောင်းလဲ ထုတ်ပေးသွားမည် ဖြစ်သည်။

"ဆိုင်ကယ်တွေကို ဇန်နဝါရီ ၁ဝ ရက် ဒီနေ့ကစပြီး မြန်မာအက္ခရာနံပါတ်ပြားကနေ အင်္ဂလိပ်အက္ခရာနံပါတ်ပြားတွေ ပြောင်းလဲလုပ်ငန်း လုပ်ဆောင်ပေးမှာပါ။ မော်တော်ယာဉ်လိုပဲ အင်္ဂလိပ်နံပါတ်ပြား MDY ၊ BGO ဆိုပြီး ပြောင်းလဲထုတ်ပေးသွားမှာပါ။ ရန်ကုန်စည်ပင်နယ်နိမိတ်မှာတော့ စီးခွင့်မရှိလို့ ဒေသနံပါတ် မပေးပါဘူး။" ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ဆိုင်ကယ် မောင်းနှင်းခြင်းခွင့်မပြုသည့် စည်ပင်သာယာနယ်နိမိတ်အတွင်းမြို့နယ် ၃၃ မြို့နယ် သတ်မှတ်ထားရာ ၂ မြို့နယ်ဖြစ်သည့် သန်လျင်မြို့နယ်နှင့် ဒလမြို့နယ်တို့ မပါဝင်ဘဲ  ၃၁ မြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းမှုများကို ထိရောက်စွာ ဖမ်းဆီးမှုများလုပ်ဆောင်နေပြီး လိုင်စင်မဲ့ဆိုင်ကယ်ဖြစ်ပါက သွင်းကုန်ထုတ်ကုန် ဥအဒေနှင့် အရေးယူသွားမည်ဖြစ်သည်။

Author

Comments