သင်္ကြန်ကာလ စည်ပင်နယ်နိမိတ်အတွင်း မည်သည့်ဆိုင်ကယ်မှစီးနင်းခွင့်ပြုမည်မဟုတ်ဘဲ လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းမှုများလည်း တစ်ပါတည်း သိမ်းဆည်းမည်

0

Full article

သင်္ကြန်ကာလအတွင်း စည်ပင်နယ်နိမိတ်၌ မည်သည့်ဆိုင်ကယ်မှ စီးနင်းခွင့်ပြုမည်မဟုတ်ဘဲ လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းမှုများ တစ်ပါတည်းသိမ်းဆည်းမှုပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

သင်္ကြန်ကာလတွင် စည်းကမ်းဖောက်ဖျက် မောင်းနှင်သွားလာသည့် ယာဉ်များကိုအရေးယူဖမ်းဆီးစစ်ဆေးသွားမည်ဖြစ်ရာ ယာဉ်မှတ်ပုံတင်မပြုလုပ်ထားသော လိုင်စင်မဲ့ယာဉ်များ၊ ပျက်စီးနေသည့်ယာဉ်အိုယာဉ်ဟောင်းများ၊ ယာဉ်နံပါတ်မတပ်ဆင်ထားသောယာဉ်များနှင့် ယာယီနံပါတ် ကားများကို ထိရောက်စွာ ဖမ်းဆီးအရေးယူသွားမည်ဖြစ်သည့်အပြင် စည်ပင်သာယာနယ်နိမိတ်အတွင်း ဆိုင်ကယ်စီးနင်းမှုများအား လုံးဝခွင့်ပြုမည်မဟုတ်ကြောင်းလည်း သိရသည်။

"သင်္ကြန်အတွင်းမှာ လိုင်စင်မဲ့ကားတွေ စီးနင်းတာကို ထိထိရောက်ရောက် အရေးယူသွားမှာပါ။ တစ်ပါတည်းသိမ်းဆည်းသွားမယ်။ သင်္ကြန်မှာ ဆိုင်ကယ်စီးနင်းတာကိုလည်း အရင်နှစ်ကလို စီးနင်းခွင့်လုံးဝပြုမှာမဟုတ်ပါဘူး။ ဒီနှစ်သင်္ကြန်မှာ ယာဉ်အန္တရာယ်မဖြစ်အောင် ဂရုတစိုက်သွားလာဖို့အတွက် အသိပေးကြေညာတာတွေ တရားဝင်ထုတ်ပြန်ပေးမှာပါ။" ဟု ရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သင်္ကြန်အတွင်း မှုခင်းဖြစ်စဉ်များ၊ ယာဉ်တိုက်မှုများ၊ ယာဉ်တိမ်းမှောက်မှုများ ဖြစ်ပွားလာပါက တရားစွဲဆိုအရေးယူနိုင်ရန် တရားရုံးများ အချိန်ပြည့် ဖွင့်လှစ်ထားရှိမည်ဖြစ်ရာ ယခင်နှစ်သင်္ကြန်ကာလ ၄ ရက်အတွင်း ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆမှု အမှုပေါင်း ၃၈ဝ ကျော် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Author

Comments