ကားလမ်းနှင့် ရထားလမ်း ဆုံရာဂိတ်တွင် အလို အလျောက် ပိတ်သည့်စနစ်ဖြင့် ဆောင်ရွက်သွားမည်

0

Full article

မြန်မာ့မီးရထားမှ မြို့ပတ်လမ်းရထားလမ်း အဆင့်မြှင့်တင်မှုများ ပြုလုပ်ရာတွင် ကားလမ်းနှင့် ရထားလမ်း ဆုံရာဂိတ် များတွင် အလိုအလျောက် ပိတ်သည့်စနစ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

"မီးရထားလမ်းနဲ့ ကားလမ်းဖြတ်တဲ့ဂိတ်တွေကို အလိုအလျောက် အဖွင့်အပိတ်လုပ်တဲ့ စီမံကိန်းက စနေပါပြီ။ နောက်ပိုင်း ရထားစီးတဲ့အချိန်တွေကြာမြင့်နေတာတွေလည်းလျှော့ချသွားဖို့ စီစဉ်နေပါတယ်။ " ဟု မြန်မာမီးရထား ဦးဆောင်ညွန်ကြားရေးမှူး ဦးသူရိန်ဝင်းက ပြောကြားသည်။

မြန်မာ့မီးရထား မြို့ပတ်လမ်းအဆင့်မြှင့်တင်မှုကို ယခုနှစ်တွင် မြေပြင် လုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဖြစ်ရာ မြို့ ပတ်လမ်း (၂၉)မိုင်ခွဲကို လက်ရှိတွင် ၂နာရီ ၅ဝမိနစ်ကြာ ပြေးဆွဲနေရာမှ တစ်နာရီ ၅ဝ မိနစ် ဖြင့် ပြေးဆွဲသွားမည်ဖြစ်ပြီး၊ ပြေးဆွဲချိန် တစ်နာရီခန့်လျှော့ချသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့ အပြင် မြို့ပတ်လမ်းပိုင်းရှိ ရထားနှင့် ကားလမ်းအဖြတ်ဂိတ်များတွင် လက်ရှိဝန်ထမ်းဖြင့် ဆောင်ရွက်နေရာမှ အလိုအလျောက် ပိတ်သည့်စနစ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့မီးရထားမြို့ပတ်လိုင်းတွင်ပြေးဆွဲနေသည့် ရထားများအနေဖြင့် ရထားကြီး ၁၃ ဆိုင်း၊ RBE 12 ဆိုင်း စုစုပေါင်း ၂၅ဆိုင်းခန့်ရှိပြီး၊ ခေါက်ရေအားဖြင့် တစ်နေ့လျှင် ၂၂ဝခေါက်ပြေးဆွဲလျက်ရှိကာ လူဦးရေ ၉သောင်း ခန့်ကိုနေ့ စဉ်ပို့ဆောင်ပေးလျှက်ရှိကြောင်းသိရသည်။

အဆိုပါ မြို့ပတ်ရထား အဆင့်မြှင့်တင်ခြင်း စီမံကိန်းကို ဆောင်ရွက်ရာတွင် ဂျပန် ODA ချေးငွေအပါအဝင် နိုင်ငံတော် ဘတ်ဂျတ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဂျပန်ချေးငွေဖြင့် အမေရိကန်ဒေါ်လာ ၂ဝ၆ ဒသမ ၅၃ သန်း၊ နိုင်ငံတော်ဘတ်ဂျတ်ဖြင့် အမေရိကန်ဒေါ်လာ ၉၄ ဒသမ၇၆ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၁ဝ ဒသမ ၂၉သန်း ကုန်ကျဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
P-01

Author