မုံရွာမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲလျက်ရှိသည့် အဝေးပြေးခရီးသည်တင် မော်တော်ယာဉ်လိုင်း (၅) လိုင်း ပြန်လည်ပြေးဆွဲ

0

Full article

မုံရွာမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲလျက်ရှိသည့် အဝေးပြေးခရီးသည်တင်မော်တော်ယာဉ်လိုင်း (၅) လိုင်းသည် ၂၀၂၀ ပြည့်နှစ် မေလ (၅) ရက်နေ့မှစတင်ကာ ပြန်လည်ပြေးဆွဲခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးကော်မတီရုံးထံမှသိရသည်။

လတ်တလောဖြစ်ပွားနေသည့် COVID-19 ကူးစက်ရောဂါကြောင့် မုံရွာမြို့မှ မြန်မာနိုင်ငံနေရာအနှံ့သို့ပြေးဆွဲနေသည့် အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများကို ၂၀၂၀ ပြည့်နှစ် မတ်လ နောက်ဆုံးပတ်မှ စတင်ပြီး ရပ်နားထားခဲ့ရာမှ မေလ (၅) ရက်နေ့မှ ရန်ကုန်မြို့သို့ ပြန်လည်ပြေးဆွဲခြင်းဖြစ်ကြောင်းသိရသည်။ ထိုသို့ ပြန်လည်ပြေးဆွဲရာတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာတို့ပူးပေါင်းကာ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် စနစ်တကျပြေးဆွဲနိုင်ရေးများကို ဆောင်ရွက်သွားမည်ဖြစ်သည်။  COVID-19 ကူးစက်ရောဂါရန်မှ ကာကွယ်ရန်အတွက် တင်ဆောင်နိုင်သောခရီးသည်ဦးရေ၏ ထက်ဝက်ကိုသာတင်ဆောင်ရန်၊ ယာဉ်မောင်း၊ ယာဉ်အကူနှင့် ခရီးသည်များအားလုံး mask တပ်ဆင်ရန်၊ ကားပေါ်မှ အဆင်း/အတက် လုပ်တိုင်း လက်ကိုဆေးကြောရန်၊ ခရီးစဉ်တစ်ခုပြီးဆုံးတိုင်း မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်းကာ မော်တော်ယာဉ်ကို ဆေးဖျန်းခြင်းဆောင်ရွက်ရန် စသည့်အချက်များကိုဆောင်ရွက်ရန် အဝေးပြေးယာဉ်လိုင်းများကို ညွှန်ကြားထားကြောင်းသိရသည်။ ပြန်လည်ပြေးဆွဲရာတွင် ယာဉ်စီးခနှုန်းထားများ ပြောင်းလဲမှုမရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးကော်မတီရုံးထံမှသိရသည်။


ပြီးခဲ့သည့် မတ်လ နောက်ဆုံးအပတ်ကတည်းက မုံရွာမှ အဝေးပြေးယာဉ်လိုင်းများပြေးဆွဲမှုကို ရပ်နားထားခဲ့ရာမှ ယခု ရန်ကုန်သို့ ပထမဆုံးပြန်လည်ပြေးဆွဲခြင်းဖြစ်ပြီး အခြားပြည်နယ်နှင့်တိုင်းများသို့လည်း ပြန်လည်ပြေးဆွဲနိုင်ရန် ခွင့်ပြုချက်တောင်းခံထားကြောင်းသိရသည်။

Author