အိမ်စီးကားကို ပြိုင်ကားကဲ့သို့ ပြောင်းလဲပြင်ဆင်ထားပါက ယာဉ်သက်တမ်းတိုးမှတ်ပုံတင် ဆောင်ရွက်ပေးမည်မဟုတ်

0

Full article

မော်ဒယ်အနိမ့် အိမ်စီးကားများကို ပြိုင်ကားကဲ့သို့ ပါဝါအိတ်ဇောတပ်ဆင်လာခြင်းနှင့် ရှဲလ်များ ပြောင်းလဲပြင်ဆင်၍ modified ပြုလုပ်လာသောကားများကို ယာဉ်သက်တမ်းတိုး မှတ်ပုံတင်ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မော်ဒယ်အမြင့်ကားများမှာ ပြိုင်ကားပုံစံဖန်တီး၍ ပြောင်းလဲပြင်ဆင်မှုမျိုး လုပ်ဆောင်မှုမရှိသော်လည်း မော်ဒယ်အနိမ့် အိမ်စီးကားများမှာ ပြိုင်ကားနှင့်သဏ္ဌာန်တူစေရန်အတွက် ဖန်တီးပြီး ပြုပြင်ပြောင်းလဲ လုပ်ဆောင်လာခြင်းများရှိနေ၍ road safety သတ်မှတ်ချက်နှင့် မညီညွတ်သောကြောင့် ယာဉ်သက်တမ်းတိုးမှတ်ပုံတင် ဆောင်ရွက်ပေးမည် မဟုတ်ကြောင်း သိရသည်။

"မော်ဒယ်အရမ်းကြီးမြင့်တဲ့ ကားတွေကတော့ ပြိုင်ကားလိုဖန်တီးပြီး modified လုပ်လာတဲ့ကားသိပ်မရှိပေမယ့် ၂ဝဝဝ မော်ဒယ် ၂ဝဝ၃ မော်ဒယ် အိမ်စီးကားတွေကတော့ ပြိုင်ကားလို ပါဝါအိတ်ဇောတပ်တာတွေ၊ ရှဲလ်ပြောင်းလာတွေ လုပ်တဲ့ကားတွေရှိတယ်။ မူလကနဦး မှတ်တမ်းတင်ထားတဲ့ ရုပ်ပုံစံနဲ့မတူရင်တော့ သက်တမ်းတိုးတာ လုံးဝမပြုလုပ်ပေးပါဘူး။" ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေသည့် ပါဝါအိတ်ဇောတပ်၍ အသံဆူညံစွာ စည်းကမ်းမဲ့မောင်းနှင်နေသော ပြိုင်ကားများကို အရေးယူမှုများပြုလုပ်နေရာ စည်းကမ်းမဲ့ပြိုင်ကားနှင့် ပါဝါအိတ်ဇောတပ်မော်တော်ယာဉ် စုစုပေါင်း အစီး ၈ဝ အထိကို ဖမ်းဆီးမှုများပြုလုပ်ထားရှိကြောင်းလည်း သိရသည်။

Author

Comments