Full article

သတ်မှတ်မိုဒယ် ၂နှစ်လျော့ကားများကို ယခင်ဒဏ်ကြေး 1/2 AV မှ 1/4 AV ကိုလျှော့ချပြီး ကောက်ခံမည်ဖြစ်သောကြောင့် ၂ဝဝ၇မော်ဒယ်ကားများ မှာယူမှုများလာပြီး လေလံဈေးများလည်း မြင့်တက်သွားခဲ့ကြောင်း မော်တော်ယာဉ်တင်သွင်းသူများထံမှ သိရှိရသည်။

406875အကောက်ခွန် ဦးစီးဌာနမှ စက်တင်ဘာ ၁ရက်မှစပြီး ပြစ်ဒဏ်များကို ပြောင်းလဲကောက်ခံခဲ့ရာ free permit ဖြင့် တင်သွင်းလာသော ကားများအတွက် သတ်မှတ် မော်ဒယ် တစ်နှစ်လျော့ပါက ကင်းလွတ်ခွင့်ရပြီး သတ်မှတ် မော်ဒယ် ၂နှစ်လျော့ပါက ယခင် 1/2 AV မှ 1/4 AV၊ သတ်မှတ်မော်ဒယ် ၃နှစ်လျော့ပါက 1AV နှင့် သတ်မှတ် မော်ဒယ် ၄နှစ်နှင့်အထက် လျော့ပါက အပြီးအပိုင်သိမ်းဆည်းသွားမည်ဖြစ်သည်။

ထိုသို့ သတ်မှတ်မော်ဒယ် ၂နှစ်လျော့ကားများကို ဒဏ်ကြေး 1/2AV မှ 1/4AV သို့လျှော့ချမည်ဖြစ်သောကြောင့် ၂ဝဝ၇ မော်ဒယ် ကားများကို မှာယူမှုများလာပြီး လေလံဈေးများလည်း အနည်းငယ် မြင့်တက်သွားခဲ့သည်။

သတ်မှတ် မော်ဒယ် ၂နှစ်လျော့ကားတွေကို ဒဏ်ကြေး 1/4AV သာ ပေးဆောင်ရတော့မှာ ဖြစ်တဲ့အတွက် ၂ဝဝ၇မော်ဒယ်ကားတွေဖြစ်တဲ့ Belta, Honda Fit, Honda Civic ကားတွေကို လေလံအဆွဲများလာကြပါတယ်၊ ဒီကားတွေထဲမှာ Belta ကတော့ ရက်ပိုင်းအတွင် ၁ဝသိန်းလောက် ဈေးနှုန်းမြင့်တက်သွားခဲ့ပါတယ်၊ ပေါ်လစီမပြောင်းခင်က ၂ဝဝ၇ မော်ဒယ် Belta 1300 CC ကားတစ်စီးကို လေလံဆွဲမယ်ဆိုရင် ကျပ် ၄၅သိန်းလောက်ကျပြီး အခုအချိန်မှာ ၅၇သိန်းအထိ မြင့်တက်သွားခဲ့ပါတယ်၊ Belta 1000 CC ဆိုရင်လည်း အရင်က သိန်း သုံးဆယ် ဝန်းကျင်သာရှိပြီး အခုအချိန်မှာ ၃၇သိန်းအထိ ရှိလာခဲ့ပါတယ်၊ Honda Fit GD1 ကတော့ ၁၈သိန်းကနေ ၂၂သိန်းဝန်းကျင်လောက်ပဲရှိတဲ့အတွက် လေလံဈေးတွေမြင့်တက်သွားတာမရှိသေးပါဘူး၊ Honda Civic 2007 မော်ဒယ် Hybrid တွေဆိုရင်လည်း သိန်းခြောက်ဆယ်ဝန်းကျင်မှာရှိတဲ့အတွက် ဈေးမတက်သေးပါဘူး၊ နောက်ပိုင်းမှာတော့ ဒီကားတွေကို အဆွဲများလာကြမှာ ဖြစ်တဲ့အတွက် ဈေးတွေ မြင့်တက်သွားနိုင်ပါတယ် ဟု မော်တော်ယာဉ် တင်သွင်းသူ ကိုကျော်သီဟက ဆိုသည်။

မော်ဒယ် ၂နှစ်လျော့ကားများကို ဒဏ်ကြေးပေးဆောင်ပြီး တင်သွင်းမည်ဆိုပါက ဒဏ်ကြေးအနေဖြင့် ကျပ် ၁၂သိန်းဝန်းကျင်သာကျခံရမည်ဖြစ်၍ Honda Fit 2007 မော်ဒယ်ကားတစ်စီးကို တင်သွင်းလျှင် လေလံကြေး၊ ဒဏ်ကြေး၊ အထွေထွေစရိတ်နှင့် အခွန်အခများအပြီးအစီး ကျပ်သိန်းခုနှစ်ဆယ်ဝန်းကျင်သာရှိကြောင်း မော်တော်ယာဉ်တင်သွင်းသူများထံမှ သိရသည်။

အကောက်ခွန် ဦးစီးဌာနမှ သတ်မှတ်မော်ဒယ် ၂နှစ်လျော့ကားများကို ပြစ်ဒဏ် လျှော့ပေါ့ပေးခဲ့သလို သတ်မှတ်မော်ဒယ်နှင့် အထက်မြင့်ပြီး တင်သွင်းလာသောကားများအတွက် ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

Reference: Automobile Journal, June 27 2014 မှ ကူးယူဖော်ပြပါသည်။

Author