Full article

ဂျပန်နိုင်ငံအခြေစိုက် နာမည်ကြီး ကုမ္ပဏီများဖြစ်သည့် Mitsubishi Materials Corporation နှင့် Nippon Koei ကုမ္ပဏီတို့ မြန်မာနိုင်ငံတွင် မြှုပ်နှံလုပ်ကိုင်ရန်အတွက် လာရောက်ဆွေးနွေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။![1003005_10151518960256674_1378721835_n](/redline/content/images/2013/07/1003005_10151518960256674_1378721835_n.jpg)

၂ဝ၁၃ ခုနှစ်၊ ဇူလိုင် ၂ ရက်တွင် Mitsubishi Materials Corporation မှ Executive Officer ဖြစ်သူ Mr. Yasuhiko Noguchi နှင့်အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇူလိုင် ၃ ရက်တွင်မူ Nippon Koei ကုမ္ပဏီမှ Acting General Manager ဖြစ်သူ Mr.Yoshihiko နှင့်အဖွဲ့မှ နေပြည်တော်ရှိ ရုံးအမှတ် ၃၂ တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပိုင်းဆိုင်ရာ ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီနှစ်ခုမှာ ဂျပန်အခြေစိုက် ကုမ္ပဏီများဖြစ်ပြီး Mitsubishi Materials Corporation အနေဖြင့် ကားနှင့် ကားအပိုပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် အဖိုးတန် သတ္တုပစ္စည်းများကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသည့် ကုမ္ပဏီကြီး တစ်ခုဖြစ်ကြောင်း သိရသည်။ Mitsubishi ကားကုမ္ပဏီသည် မြန်မာနိုင်ငံတွင် မော်တော်ယာဉ် ဝန်ဆောင်မှု စင်တာများ ဖွင့်လှစ်သွားရန် First Myanmar Investment Company Ltd (FMI) နှင့် Yoma Strategic Holdings Ltd (YSH)တို့နှင့် ပူးပေါင်းစီစဉ်လျက်ရှိပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့တို့တွင် ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း သိရသည်။

ယင်းအပြင် Nippon Koei ကုမ္ပဏီမှာလည်း ဂျပန်နိုင်ငံတွင် နံပါတ် ၁ အင်ဂျင်နီယာပိုင်းဆိုင်ရာ အကြံပေး လုပ်ငန်းတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၁၃၅ နိုင်ငံတွင် လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနသို့ ဇွန်လအတွင်း၌ အိန္ဒိယနိုင်ငံ၏ အကြီးဆုံး ဆေးဝါးထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် Sun Pharmar Industries Ltd တာဝန်ရှိသူများ အပါအဝင်၊ ဂျပန်၊ စင်ကာပူ၊ ကိုရီးယား၊ အမေရိကန်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာများကို လာရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် ပမာဏမှာ ၂ဝ၁၃ ခုနှစ်၊ ဇွန် ၃ဝ ရက်အထိ အမေရိကန်ဒေါ်လာ ၂၇ဝ ဒသမ ၂၈၃ သန်းအထိရှိပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် နိုင်ငံများအနက် အဆင့် ၁၁ နေရာတွင် ရပ်တည်နေကြောင်း သိရသည်။

Eleven Media Group မှကူးယူဖော်ပြသည်

Author