ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ်အရစ်ကျရောင်းချရေးအစီအစဉ်သည် ကားဈေးကွက်ကို ဆိုးဆိုးရွားရွားထိခိုက်နိုင်စရာမရှိဟုထင်မြင်မိကြောင်း စီး/ကူး အမြဲတမ်းအတွင်းဝန်ပြောကြား

0

Full article

ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ်အရစ်ကျရောင်းချရေးအစီအစဉ်သည် တစ်ဆင့်ပြီးမှတစ်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ခြင်း၊ အရေအတွက်မှာလည်း မများနိုင်သောကြောင့် ကားဈေးကွက်ကို ဆိုးဆိုးရွားရွားထိခိုက်နိုင်စရာမရှိဟု ထင်မိကြောင်းနှင့် မိမိတို့ဌာနအနေဖြင့် လူကြီးများ၏ စေတနာဆန္ဒကို အကောင်အထည်ဖော်ပေးခြင်းဖြစ်သည့်အတွက် ဖြစ်မြောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ ပြောကြားခဲ့သည်။

“အခုလိုစီစဉ်ရတာဟာ ဝန်ထမ်းတွေလက်ရှိစီးနေတဲ့ကားတွေဟာ နှစ်ကြာနေပြီဖြစ်တဲ့၊ ဟောင်းနွမ်းနေပြီဖြစ်တဲ့ကားတွေ၊ ချို့ယွင်းနေပြီဖြစ်တဲ့ ကားတွေလည်းများလာပြီဖြစ်တဲ့အတွက် နောက်ထွက်တဲ့ကားသစ်တွေ စီးနိုင်အောင်၊ ပင်စင်ယူသွားပြီးရင်လည်း သူ့ရဲ့အဆင့်နဲ့လျော်ညီတဲ့ ကားလေးတွေစီးနိုင်အောင်စီစဉ်ပေးခြင်းဖြစ်ပါတယ်။ လုပ်သက် ၂၅ နှစ်နဲ့အထက် ဝန်ထမ်းကောင်းဆိုတာ နှစ်ပေါင်းများစွာကြိုးကြိုးစားစား၊ ဖြူဖြူစင်စင်နဲ့ လုပ်ခဲ့လို့ ဝန်ထမ်းကောင်းဆိုတာရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တတ်နိုင်တဲ့ဘက်က ချီးမြှင့်ခြင်းဖြစ်ပါတယ်။ နိုင်ငံတော်က ဒီလိုအသိအမှတ်ပြုပေးတဲ့အတွက် သူတို့လည်း အရမ်းကို ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြပါတယ်။ တစ်ဖက်ကလည်း ဒီဝန်ထမ်းကားတွေဝင်လာရင် ကားဈေးကွက်ကို ထိခိုက်မလားဆိုပြီး စိုးရိမ်နေကြပါတယ်။ ကျွန်တော်တို့ဟာ ဒီလုပ်ငန်းစဉ်ကို တစ်ဆင့်ပြီးမှတစ်ဆင့် လုပ်သွားမှာဖြစ်သလို အရေအတွက်ကလည်း သိပ်မများနိုင်တဲ့အတွက် ကားဈေးကွက်ကို ဆိုးဆိုးရွားရွားထိခိုက်မယ်လို့တော့ မထင်ပါဘူး။ ကျွန်တော်ဆီမှာ မှတ်ပုံတင်ထားတဲ့ Show Room တွေ Sale Center တွေကိုပဲ အခြေခံပြီးတော့ ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက် အဖက်ဖက်ကအဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဝန်ထမ်းတွေအတွက်ဆောင်ရွက်ပေးတာဖြစ်တဲ့အတွက် Show Room တွေ၊ Sale Center တွေဘက်ကလည်း ပူးပေါင်းဆောင်ရွက်ပေးစေလိုပါတယ်။ ကျွန်တော်တို့လုပ်ငန်းစဉ်ကို အကြံပေးမှုတွေရှိလာရင်လည်း ကျွန်တော်တို့အနေနဲ့ လက်ခံစဉ်းစား ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေလည်းအဆင်ပြေအောင်၊ ဝန်ထမ်းတွေလည်း အဆင်ပြေအောင် အကောင်းဆုံးနည်းလမ်းတွေကိုစဉ်းစားပြီး ပူးပေါင်းဆောင်ရွက်ကြဖို့လည်း တိုက်တွန်းချင်ပါတယ်။ ကျွန်တော်တို့ ဌာနအနေနဲ့ လူကြီးတွေရဲ့စေတနာ ဆန္ဒကို ဖြစ်မြောက်အောင်ဆောင်ရွက်ပေးတဲ့ ကဏ္ဍဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဖြစ်မြောက်အောင် ဆောင်ရွက်သွားဖို့ကြိုးစားသွားမှာပါ”

ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးမှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ပြုလုပ်ခဲ့သော ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ်အရစ်ကျရောင်းချရေးအစီအစဉ်နှင့်ပတ်သက်ပြီး အရောင်း စင်တာ၊ အရောင်းပြခန်းများ ဖွင့်လှစ်ထားသောကုမ္ပဏီများ သိရှိနိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးပွဲတွင်ပြောကြားခဲ့သည်။


ထို့အပြင် ထပ်မံဝင်ရောက်လာမည့်ကားများမှာလည်း Show Room များ Sale Center များနှင့်ဆက်စပ်ကာ ဝင်ရောက်လာမည်ဖြစ်သည့်အတွက် အရောင်းအဝယ်များပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ဘဏ်များတွင်လည်း ငွေချေးသူ ပိုမိုများပြားလာမည်ဖြစ်သည့်အတွက် လုပ်ငန်းလည်ပတ်မှုပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း၊ လစာနည်းပါးသည့် ဝန်ထမ်းများကို နိုင်ငံတော်မှ စောင့်ရှောက်ခြင်းဖြစ်သည့်အတွက် လုပ်ငန်းရှင်များဖက်မှ နားလည်စွာဖြင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့လုပ်ငန်းစဉ်တွင် အားနည်းချက်များရှိပါကလည်း ဝိုင်းဝန်းကူညီထောက်ပြစေလိုကြောင်း တို့ကို ထပ်မံပြောကြားခဲ့သည်။

Author