နိုင်ငံဝန်ထမ်းများနှင့် ပြည်သူ့ဝန်ထမ်းများအား မော်တော်ယာဉ်တင်သွင်းခွင့်ပေးသွားမည်ဆိုပေမဲ့ အခွန်သက်သာခွင့်များကိုတော့ ပြန်လည်လျှောက်ထားရမည်

0

Full article

နိုင်ငံဝန်ထမ်းများနှင့် ပြည်သူ့ဝန်ထမ်းများအား မော်တော်ယာဉ်တင်သွင်းခွင့်ပေးသွားမည်ဖြစ်သော်လည်း အခွန်သက်သာခွင့်များကို သက်ဆိုင်ရာဝန်ကြီးဌာနများတွင် ပြန်လည်လျှောက်ထားရမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထံမှသိရသည်။


ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံဝန်ထမ်းများအား မော်တော်ယာဉ်ရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ပြီး  အကောက်ခွန်ဂျူတီ၊ ကညနခွန်၊ ဝင်ငွေခွန် စသည့်အခွန်ကင်းလွတ်ခွင့်များအတွက်သက်ဆိုင်ရာဝန်ကြီးဌာနများတွင် ပြန်လည်လျှောက်ထားရမည်ဖြစ်ကြောင်းနှင့် နေရပ်လိပ်စာအတိုင်း လိုင်စင်များချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အကြမ်းဖျင်းကတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းပြီးတော့ အကောက်ခွန်သက်သာခွင့်နဲ့ ကညနက ပြည်ပမော်တော်ယာဉ်တင်သွင်းတဲ့အခါပေးရတဲ့ မှတ်ပုံတင်ခတွေသက်သာခွင့်ပေးနိုင်တယ်လို့တော့ အကြောင်းကြားထားပါတယ်။ အဲဒါအတွက်တော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေမှာ ပြန်လျှောက်ရမှာပါ။ စီးပွားကူးသန်းအနေနဲ့တော့ မော်တော်ယာဉ်တင်သွင်းတာကိုခွင့်ပြုတာပဲရှိတယ်။ သက်သာခွင့်တွေကိုတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေမှာ ပြန်လျှောက်ရမှာပါ။ ဝင်ငွေခွန်သက်သာခွင့်ကိုလည်း သက်ဆိုင်ရာ ပြည်တွင်းအခွန်များဦးစီးဌာနမှာ လျှောက်ရမှာပါ။ ဌာနချင်းတော့ ညှိနှိုင်းထားပြီးပါပြီ။ ဒါပေမဲ့ ကားတင်သွင်းသူတစ်ဦးချင်းအနေနဲ့တော့ ဝန်ကြီးဌာနတွေမှာ ပြန်လည်တင်ပြလျှောက်ထားရမှာဖြစ်ပါတယ်။ တင်သွင်းရမယ့် CIF တန်ဖိုးသတ်မှတ်ချက်ကိုတော့ သက်ဆိုင်ရာဌာနတွေကို အသိပေးသွားမှာဖြစ်ပါတယ်။ လိုင်စင်ကတော့ နေရပ်လိပ်စာအပေါ်မူတည်ပြီး ချပေးသွားမှာပါ။ ရန်ကုန်မှာနေရင် ရန်ကုန်လိုင်စင်ရမယ်ပေါ့ နယ်မှာနေရင်တော့ နယ်လိုင်စင်ပေါ့”

ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးမှပြောကြားခဲ့သည်။

ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံဝန်ထမ်းများအနေဖြင့် တင်သွင်းလိုသော မော်တော်ယာဉ်များကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ နှစ်စဉ်ထုတ်ပြန်ထားသည့် မော်တော်ယာဉ်များထုတ်လုပ်သည့် ခုနှစ် (Model Year) သတ်မှတ်ချက်အတိုင်း တင်သွင်းခွင့်ပြုသွားမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် ညွှန်ကြားရေးမှူးနှင့်အထက်အဆင့် ပြည်သူ့ဝန်ထမ်းနှင့်နိုင်ငံဝန်ထမ်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် ဒု/ညွှန်ချုပ်နှင့် လုပ်သက် (၂၅) နှစ် ပြည့်ပြီး နိုင်ငံဝန်ထမ်းကောင်းတံဆိပ်ရရှိသူများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ညွှန်ကြားရေးမှူနှင့်အထက်အဆင့် ဝန်ထမ်းများ မော်တော်ယာဉ်တင်သွင်းခွင့်နှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများမှ တာဝန်ခံဆက်သွယ်ဆောင်ရွက်ပေးမည့် ညွှန်ကြားရေးမှူးအဆင့် အရာရှိအမည်နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့အား ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၈ ရက်န့အရောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံသို့ လျှောက်ထားရမည်ဖြစ်ကြောင်းသိရသည်။

Author