ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ်အရစ်ကျရောင်းချရေးအစီအစဉ်နှင့် ပတ်သက်၍ အရောင်းကုမ္ပဏီများသိရှိနိုင်ရန် ရှင်းလင်းဆွေးနွေးပွဲကျင်းပ

0

Full article

ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ်အရစ်ကျ ရောင်းချရေးအစီအစဉ်နှင့်ပတ်သက်၍ အရောင်းကုမ္ပဏီများသိရှိနိုင်ရန် ရှင်းလင်းဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင်နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမတွင်ပြုလုပ်ခဲ့သည်။

“မော်တော်ယာဉ်များကို အရစ်ကျနဲ့လည်း ဝယ်နိုင်အောင်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။  အရစ်ကျဝယ်တဲ့အခါမှာလည်း အဆင်ပြေတဲ့ဘဏ်နဲ့ချိတ်ဆက်ပြီး ဝယ်နိုင်ပါတယ်။ ပြည်ပကနေ မော်တော်ကား မှာယူမယ်ဆိုရင်တော့ ကျွန်တော်တို့ စီးပွားကူးသန်းမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ မော်တော်ကား အရောင်းပြခန်းတွေ၊ Show Room တွေရှိပါတယ်။ ဒီအဖွဲ့တွေကိုလည်း ကျွန်တော်တို့က Recommend လုပ်ပါမယ်။ ကျွန်တော်တို့စာရင်းတွေလည်း ပြုစုထားပါတယ်။ ဒါတွေကို စီစဉ်ပေးပါမယ်။ ဒီထဲကမှ ကိုယ်အဆင်ပြေတဲ့ Show Room၊ Sale Center တွေမှာဝယ်နိုင်မှာဖြစ်ပါတယ်။ တကယ်လို့ ဒီအရောင်းစင်တာတွေမှာ မဝယ်ဘဲနဲ့ အခြားပြင်ပအရောင်း အဝယ်သမားတွေဆီက ဝယ်မယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ အာမခံပေးလို့မရပါဘူး။ ဒါကို မော်တော်ယာဉ်ဝယ်ယူမယ့် ဝန်ထမ်းတွေ သတိထားဖို့လိုပါတယ်။ မော်တော်ယာဉ်အမျိုးအစားကတော့ အဆင့်အလိုက် သတ်မှတ်ထားပါတယ်။  သတ်မှတ်ချက်အတိုင်း ကိုယ်နဲ့ကိုက်ညီတဲ့ CIF ဈေးနှုန်းအလိုက် ဝယ်ယူနိုင်မှာဖြစ်ပါတယ်”

ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး မှပြောကြားခဲ့သည်။

ထို့အပြင် အခွန်ကင်းလွတ်ခွင့်မျာကိုလည်း ညှိနှိုင်းထားကြောင်း၊ အကောက်ခွန်၊ ဝင်ငွေခွန်၊ ကညနခွန် စသည်များကို သက်ဆိုင်ရာဌာနမှာ၏ဆောင်ရွက်ပေးနိုင်သည့် လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ ဥပဒေအရ ပေးနိုင်သည့်ကင်းလွတ်ခွင့်များကို ပေးလိမ့်မည်ဖြစ်ကြောင်း၊ ယခုအချိန်အထိတွင် မည်သည့်ကင်းလွတ်ခွင့်များပေးမည်ဆိုသည်ကို မပြောနိုင်သေးကြောင်း၊ မူအရ သဘောတူထားသော်လည်း အချို့အပိုင်းများတွင် ပြန်လည်ညှိနှိုင်းမှုများရှိနေသေးကြောင်း၊  စီးပွားကူးသန်းအနေဖြင့် ခွင့်ပြုချက်ရသည်နှင့် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုအချိန်တွင် စာရင်းများပြုစုခြင်းကိုဆောင်ရွက်နေပြီး One Stop Service ဖြင့်ဆောင်ရွက်သွားနိုင်ရန် စီစဉ်ထားကြောင်း စီးပွားကူးသန်း အမြဲတမ်းအတွင်းဝန်မှ ထပ်မံပြောကြားခဲ့သည်။

ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများ မော်တော်ယာဉ်အရစ်ကျရောင်းချရေးအစီအစဉ်နှင့်ပတ်သက်၍ ပထမအဆင့်အနေဖြင့် ညွှန်ကြားရေးမှုးချုပ်နှင့် အထက်အဆင့်ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် ဒုတိယညွှန်ကြားရေးမှုးချုပ်နှင့် လုပ်သက် (၂၅) နှစ်ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူ နိုင်ငံ့ဝန်ထမ်းများအား ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

Author