မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်မှုကော်မတီကို ပြန်လည်ပြင်ဆင်ရန်ရှိနေ

0

Full article

မော်တော်ယာဉ်တင်သွင်းခြင်းမူဝါဒများကို လက်ရှိတွင် စီမံကိန်း၊ စက်မှုနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ရေးဆွဲလျက်ရှိပြီး ကော်မတီသစ်တစ်ခုကို ဖွဲ့စည်းရန်ရှိနေကာ မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်မှုကော်မတီကိုလည်း ပြန်လည်ပြင်ဆင်ရန်ရှိနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားခဲ့သည်။

“ဒီမူဝါဒကို ရေးဆွဲတဲ့နေရာမှာ ကျွန်တော်တို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ရေးဆွဲတာမဟုတ်တော့ပါဘူး။ စီမံကိန်း၊ စက်မှုနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ရေးဆွဲနေတာဖြစ်ပါတယ်။ မူဝါဒအရ ကြီးကြပ်မှုကော်မတီအသစ်တစ်ရပ်ကို ဖွဲ့စည်းဖို့ရှိပါတယ်။ အဲဒီလိုဖွဲ့စည်းတဲ့အခါ ကျွန်တော်တို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို တာဝန်ပေးထားတဲ့ မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်မှုကော်မတီကိုတော့ ပြန်လည်ညှိနှိုင်းပြီး ပြင်ဆင်ရမယ့်သဘောရှိပါတယ်။ ဒါကိုလည်း မကြာခင်မှာ အစည်းအဝေးလုပ်ဖို့ရှိပါတယ်။ စီမံကိန်း၊ စက်မှုနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကနေ အစည်းအဝေးလုပ်ဖို့ရှိပါတယ်။ ဒီအစည်းအဝေးမှာ ကျွန်တော်တို့ဘက်က တက်ရောက်ပြီး ဆွေးနွေးဖို့ရှိပါတယ်။”

ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးမှ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၄ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သော နိုင်ငံတော်အစိုးရ၏ စတုတ္ထ (၁) ကာလအတွင်းဆောင်ရွက်ခဲ့မှု လုပ်ငန်းစဉ်များရှင်းလင်းဆွေးနွေးခြင်း သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။


မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာမူဝါဒ၊ အခန်း(၄)၊ ဦးစားပေးကဏ္ဍများသတ်မှတ်ခြင်းတွင် “မော်တော်ယာဉ်မူဝါဒဆိုင်ရာလုပ်ငန်းများကို စိစစ်အကဲဖြတ်ခြင်း၊ သုံးသပ်ပြင်ဆင်ခြင်း၊ ထိန်းချုပ်တည့်မတ်ခြင်းတို့အတွက် မော်တော်ယာဉ်မူဝါဒဆိုင်ရာ ကြီးကြပ်ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်ရန်” ဟုပါရှိသည်။

Author