လုပ်ငန်းသုံးမော်တော်ယာဉ်တင်သွင်းခြင်းကို လုပ်ငန်းသုံးမော်တော်ယာဉ်အရောင်းစင်တာဖွင့်လှစ်သည့် ကုမ္ပဏီများကိုသာ ခွင့်ပြုသွားမည်

0

Full article

၂၀၂၀ ခုနှစ် ဇန်နဝါရီလမှစတင်ကာ လုပ်ငန်းသုံးမော်တော်ယာဉ်တင်သွင်းခြင်းကို  လုပ်ငန်းသုံးမော်တော်ယာဉ်အရောင်းစင်တာဖွင့်လှစ်သည့်ကုမ္ပဏီများကိုသာ ခွင့်ပြုသွားမည်ဖြစ်ပြီး  ပုံမှန်လိုင်စင်ဖြင့် ပို့ကုန်/ သွင်းကုန် ကုမ္ပဏီများမှ လုပ်ငန်းသုံးယာဉ်အရောင်းစင်တာ ဖွင့်လှစ်ရာတွင် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ဖွင့်လှစ်လိုပါက Downtown ဧရိယာပြင်ပတွင်သာဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ပြီး ၂၀၁၅ မှ ၂၀၁၉ မော်ဒယ် အထိ လုပ်ငန်းသုံးမော်တော်ယာဉ်များ ခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှသိရသည်။


ထို့အပြင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုချက်ဖြင့် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့များထံမှလုပ်ငန်းလိုင်စင်ရယူဆောင်ရွက်ရမည်ဖြစ်ပြီး အကယ်၍ တိုင်းဒေသကြီးခွင့်ပြုချက်နှင့် စည်ပင်လုပ်ငန်းလိုင်စင် ရရှိခြင်းမရှိပါက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကန့်ကွက်ရန်မရှိကြောင်းထောက်ခံစာ ရယူကာ ယာယီ (၆) လ ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ပြီး ထိုသို့ ယာယီခွင့်ပြုစဉ်ကာလအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုချက်နှင့် စည်ပင်လုပ်ငန်းလိုင်စင်ရရှိအောင်ဆောင်ရွက်ရမည်ဖြစ်သည်။

လုပ်ငန်းသုံးမော်တော်ယာဉ်အရောင်းစင်တာ ဖွင့်လှစ်မည့်ကုမ္ပဏီ၏ ဘဏ်စာရင်းတွင် အာမခံ (Deposit) အဖြစ် မြန်မာကျပ်ငွေ သိန်း (၅၀၀) ကို ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသော ဘဏ်တစ်ခုခုတွင် သီးခြားငွေစာရင်းဖွင့်လှစ်ကာ ထည့်သွင်းသိမ်းဆည်းထားရမည်ဖြစ်သည်။ စင်တာ၏ အကျယ်အဝန်းသည် အနည်းဆုံး စတုရန်းပေ (၉၀၀၀) ရှိရမည်ဖြစ်ပြီး အဆောက်အဦအကျယ်အဝန်းသည် (၃၀၀၀) စတုရန်ပေ၊ ရုံးခန်းအကျယ်အဝန်းသည် (၃၀၀) စတုရန်းပေ၊ ဧည့်နားနေခန်းသည် (၂၀၀) စတုရန်းပေ ရှိရမည်ဖြစ်ပြီး မြေပိုင်ဖြစ်ပါက ကုမ္ပဏီဒါရိုက်တာတစ်ဦးဦး၏ နာမည်ပေါက်ဂရမ်မူရင်းအထောက်အထား၊ ငှားရမ်းထားသည့်မြေဖြစ်ပါက တံဆိပ်ခေါင်း ကပ်ထားသည့်အငှားစာချုပ်မူရင်း၊ စာချုပ်စာတမ်းမှတ်တမ်းရုံးတွင် မှတ်ပုံတင်ထားသည့် အထောက်အထားတင်ပြရမည်ဖြစ်ကြောင်းသိရသည်။

စတင်ခွင့်ပြုချိန်မှ (၆) လအတွင်း Ceiling စီးရေ (၄၀) စီး၊ (၆) လမှ (၁) နှစ်အတွင်း Ceiling စီးရေ (၆၀) စီး နှင့် (၁) နှစ်ပြည့်ပြီးပါက Ceiling စီးရေ (၈၀) စီးအား ခွင့်ပြုသွားမည်ဖြစ်သည်။ ရောက်ရှိပြီး၊ ရောင်းချပြီးသည့် မော်တော်ယာဉ်များကို လူအမည် (သို့) ကုမ္ပဏီအမည်ဖြင့် ယာဉ်မှတ်ပုံတင်နိုင်ရေးအတွက် “ လုပ်ငန်းသုံးမော်တော်ယာဉ်အရောင်းစင်တာတွင် မော်တော်ယာဉ်ဝယ်ယူခွင့်ပါမစ်” ကို စီးပွား/ ကူးသန်း ဝန်ကြီးဌာန one stop service ရုံးတွင်လျှောက်ထားရမည်ဖြစ်သည်။ ရောက်ရှိ / ရောင်းချ / ယာဉ်မှတ်ပုံတင်ပြီးစီးသည့် မော်တော်ယာဉ်စာရင်းအား အရောင်းစင်တာ မြေပြင်စစ်ဆေးရေးအဖွဲ့ထံတင်ပြ၍ မြေပြင်စစ်ဆေးရေးအဖွဲ့၏ ထောက်ခံချက်ဖြင့် Ceiling စီးရေအရ ထပ်မံတင်သွင်းခွင့်ပြုသွားမည်ဖြစ်ကြောင်းသိရသည်။

လုပ်ငန်းသုံးမော်တော်ယာဉ်အရောင်းစင်တာ ဖွင့်လှစ်မည့် ပုံမှန်လိုင်စင်ဖြင့်ဆောင်ရွက်မည့်ကုမ္ပဏီများသည် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ရရှိပြီးဖြစ်ရမည်ဖြစ်ကာ အရောင်းစင်တာဖွင့်လှစ်ရန်အတွက် စီးပွားရေးအကျိုးဆောင်မှတ်ပုံတင်လက်မှတ်ရှိရမည်ဖြစ်သည်။

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လျှောက်ထားရာတွင် ကုမ္ပဏီ Letter Head ဖြင့်လျှောက်လွှာ၊ ကုမ္ပဏီထူထောင်ထားပြီးသော Myco အထောက်အထား စာရွက်စာတမ်း၊ ဒါရိုက်တာဓါတ်ပုံနှင့် လိပ်စာဇယား တို့လိုအပ်မည်ဖြစ်ပြီး၊ စီးပွားရေးအကျိုးဆောင်လျှောက်ထားရာတွင် ကုမ္ပဏီမှလျှောက်လွှာ၊ ကုမ္ပဏီ မှတ်ပုံတင် မူရင်း / မိတ္တူ၊ စီးပွားရေးအကျိုးဆောင်ခန့်အပ်သည့်စာ၊ စာချုပ်၊ သံရုံးထောက်ခံချက်၊ Notary Public၊ ခန့်အပ်ထားသည့် ပြည်ပကုမ္ပဏီအဖွဲ့အစည်း၏မူရင်းနိုင်ငံတွင် မှတ်ပုံတင်ထားသည့်အထောက်အထား၊ စီးပွားရေးအကျိုးဆောင်ခန့်အပ်စာပေါ်တွင် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံး၏ အတည်ပြုချက်( Endorsement) တို့ပါရှိရမည်ဖြစ်ကြောင်းသိရသည်။


၂၀၁၉ နိုဝင်ဘာလ ၁ ရက်နေ့မှစတင်ကာ အရောင်းစင်တာဖွင့်လှစ်ရန် စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှသိရသည်။

Author