လေးနှစ်ကြာလစ်လပ်နေသော စက်မှုဒုဝန်ကြီးရာထူးကို ဒေါက်တာမင်းရဲပိုင်ဟိန်းအား ခန့်အပ်

0

Full article

စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် ဒေါက်တာ မင်းရဲပိုင်ဟိန်း အားခန့်အပ်လိုက်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၃၆/၂၀၁၉) အရသိရသည်။

စက်မှုဝန်ကြီးဌာနတွင် လက်ရှိအစိုးရလက်ထက်စတင်ကတည်းက ခန့်အပ်ထားခြင်းမရှိဘဲ လစ်လပ်နေသော ဒုတိယဝန်ကြီးနေရာတွင် ဒေါက်တာ မင်းရဲပိုင်ဟိန်းအား ခန့်အပ်လိုက်ကြောင်း ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင်ထုတ်ပြန်ကြေညာခဲ့သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် (၃၆/၂၀၁၉) အရသိရသည်။  ဒေါက်တာ မင်းရဲပိုင်ဟိန်းသည် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးဇာတိဖြစ်ပြီး Cornell University၊ London နှင့် Chicago တွင် mathematics နှင့် economics ဘာသာရပ်များကို လေ့လာဆည်းပူးခဲ့သည်။ ထို့အပြင် Wisconsin- Madison တက္ကသိုလ်တွင် စီးပွားရေးဆိုင်ရာ ဒေါက်တာဘွဲ့ရရှိခဲ့သည်။

ဒေါက်တာမင်းရဲပိုင်ဟိန်းသည် မြန့်မာစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြုပြင်ပြောင်းလဲရေးအတွက် မူဝါဒပိုင်းဆိုင်ရာ အကြံပေးခြင်း၊ သုတေသန ပြုလုပ်ခြင်းများကိုဖေါ်ဆောင်လျက်ရှိသော မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်း (Myanmar Development Institute-MDI) ၏ Executive Director တစ်ဦးဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ဥက္ကဌ အဖြစ်တာဝန်ယူထားသော Development Assistance Coordination Unit (DACU) တွင်လည်း အဖွဲ့ဝင်တစ်ဦးအဖြစ်ပါဝင်ထားသူလည်းဖြစ်သည်။ ထို့အပြင် ကမ္ဘာ့ဘဏ်တွင်လည်း စီးပွားရေးပညာရှင်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ဖူးသလို ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင်လည်း တွဲဖက်ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
စက်မှုဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ၎င်း၏ ဆန္ဒအလျောက်နုတ်ထွက်သွားသည့်နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းအား ပူးတွဲတာဝန်ထမ်းဆောင်စေပြီး ယခုကဲ့သို့ ဒုတိယဝန်ကြီးနေရာအား ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

Zing

Author