SKD စနစ်ဖြင့် ထုတ်လုပ်သည့် ကားများ ဈေးကွက်တွင် အောင်မြင်မှုရရှိလာဟု စက်မှုဝန်ကြီးဆို

0

Full article

ပြည်တွင်းထုတ် SKD စနစ်ဖြင့် ထုတ်လုပ်ထားသည့် ယာဉ်အစီးရေ ၃၇ဝဝ ကျော်ကို COA ထုတ်ပေးခဲ့ပြီး SKD စနစ်ဖြင့် ထုတ်လုပ်သည့် ကားများ ဈေးကွက်တွင် အောင်မြင်မှုရရှိလာဟု စက်မှုဝန်ကြီး ဦးခင်မောင်ချိုက ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က ကျင်းပပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသွားခဲ့သည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်းက မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍာတွင် တစ်စိတ်တစ်ပိုင်းတပ်ဆင်ထုတ်လုပ်သည့်စနစ် (SKD) ဖြင့် လာရောက်ရင်းနှီးမြှပ်နှံကြသည့် ပြည်ပကုမ္ပဏီ ပေါင်းမည်မျှရှိပြီး မော်တော်ယာဉ်များ၏ အရည်အသွေး ကြံခိုင်ကောင်းမွန်မှု (quality control) ကို မည်ကဲ့သို့ထိန်းချုပ်ထားပါသနည်းနှင့် အနာဂတ်တွင် ဟန်ဂေရီနိုင်ငံ၏ နည်းပညာဖြင့် ထုတ်လုပ်မည့် လျှပ်စစ်ဘတ်စ်ကား (e bus) စမ်းသပ်မောင်းနှင်အသုံးပြုနိုင်ရန် မည်ကဲ့သို့ဆောင်ရွက်ထားပါသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်း၍မေးခွန်းများ မေးမြန်းခဲ့ရာတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက အောက်ပါအတိုင်း ပြန်လည်ဖြေကြားသွားခဲ့ခြင်းလည်းဖြစ်သည်။

"မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်မှုကဏ္ဍာမှာ အချိန်တိုအတွင်း ရင်းနှီးမြှုပ်နှံမှုအနည်းဆုံးနဲ့ ဈေးကွက်ဝင် ထုတ်လုပ်မှုစနစ်ဖြစ်တဲ့ SKD စနစ်နဲ့ စတင် ထုတ်လုပ်တပ်ဆင်မှု ရှိနေကြပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ MIC (Myanmar Investment Commission) ရဲ့ ခွင့်ပြုချက်ရယူရန်လိုအပ်ပြီး ၎င်းခွင့်ပြုချက်များအတိုင်း ထုတ်လုပ်မှုလုပ်ငန်းများ စတင်ဆောင်ရွက်နေတဲ့ ကုမ္ပဏီ စုစုပေါင်း ၉ ခုနဲ့ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ဖို့ စီစဉ်ထားတဲ့ ကုမ္ပဏီ ၇ ခု၊ စုစုပေါင်း ၁၆ ခုရှိပါတယ်။ စက်မှုဝန်ကြီးဌာနအနေနဲ့ ပြည်တွင်းမော်တော်ယာဉ်နဲ့ လယ်ယာသုံး စက်ပစ္စည်းများရဲ့အရည်အသွေး ကောင်းမွန်စေရေးအတွက် မော်တော်ယာဉ်နဲ့ လယ်ယာသုံး စက်ပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့ကို နိုင်ငံတော်သမ္မတရုံး ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းထားရှိခဲ့ပြီး ပူးပေါင်းစစ်ဆေး၍ COA (Certificate of Approval) ထုတ်ပေးခြင်းကို စိစစ်ဆောင်ရွက်ပေးလျက်ရှိရာမှာ ယနေ့အထိ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သည့် မော်တော်ယာဉ် စုစုပေါင်း ၃၇ဝဝ စီးကို COA များ ထုတ်ပေးခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။ ထုတ်လုပ်မှုအတွက် တင်သွင်းလာတဲ့ စက်အစိတ်အပိုင်းများဟာ MIC ရဲ့ခွင့်ပြုအမျိုးအစားများဖြစ်ကြောင်း၊ မူရင်းထုတ်လုပ်သည့် စံချိန်စံညွန်းနဲ့ကိုက်ညီကြောင်း၊ ပစ္စည်းအသစ် brand new များဖြစ်ကြောင်း၊ သတ်မှတ်ဥပဒေများအတိုင်း တင်သွင်းမှုနဲ့ ကိုက်ညီကြောင်း စတဲ့အခြေခံအချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးခြင်း၊ မူရင်းထုတ်လုပ်သည့် inspection certificate (IC) အထောက်အထားများဖြင့် စနစ်တကျ စစ်ဆေးခြင်းနဲ့ စမ်းသပ်မောင်းနှင်ခြင်းများ ပြုလုပ်ပြီးမှသာလျင် အသိအမှတ်စစ်ဆေးချက်များနဲ့ ကိုက်ညီမှုရှိမှသော COA များကို ထုတ်ပေးခြင်းဖြစ်ပါတယ်။ ထို့အပြင် အသုံးပြုတဲ့ စက်ပစ္စည်း၊ စက်ကိရိယာများ၊ ဝန်ထမ်းများရဲ့ကျွမ်းကျင်မှု၊ စံချိန်စံညွှန်းများနဲ့ လိုက်နာမှုရှိ/မရှိ၊ လုပ်ငန်းခွင် အန္တရယ် ဆောင်ရွက်ထားရှိမှုများရှိ/မရှိ၊ စက်များရဲ့ တိကျမှန်ကန်မှုနှင့် အခြေအနေများ အားလုံးကို ကြပ်မတ် စစ်ဆေးထိန်းချုပ်ပေးလျက်ရှိနေပါတယ်။" ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးမှ "သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ မော်တော်ယာဉ် ထုတ်လုပ်မှု ကနဦးကာလတွင် SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်လျက်ရှိသည့် မော်တော်ယာဉ်များ၏ လုံခြုံစိတ်ချရမှုကို စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လက်ရှိ SKD စနစ်ဖြင့် ထုတ်လုပ်နေတဲ့ မော်တော်ယာဉ်များဟာ ဈေးကွက်တွင် အောင်မြင်မှုရရှိလာပြီး နောက်ထပ်ဈေးကွက်အလားအလာ ပိုမိုကောင်းမွန်သော၊ ပိုမိုတွက်ချေကိုက်သော CKD စနစ်သို့ အနာဂတ်တွင် ကူးပြောင်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။" ဟု ဖြေကြားသွားခဲ့သည်။

Author