ယခုနှစ်အတွင်း YBS မီနီဘတ်စ်ကားများကို လမ်းကြောင်းပြောင်း၍ မြို့ပြင်သို့ပြောင်းရွှေ့ ပြေးဆွဲပေးသွားမည်

0

Full article

ယခုနှစ်အတွင်း ရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBS မီနီဘတ်စ်ကားများကို မြို့ပြင်နေရာများသို့ လမ်းကြောင်းများပြောင်းလဲ၍ ပြောင်းရွှေ့ကာ စီးတီးဘတ်စ် ယာဉ်ကြီးများဖြင့်အစားထိုး ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲထံမှသိရသည်။

လာမည့် ၆ လအတွင်း ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များအားလုံးကို ယာဉ်စီးခပေးချေသော ကဒ်စနစ် တပ်ဆင်အသုံးပြု စမ်းသပ်တော့မည်ဖြစ်ရာ မီနီဘတ်စ်ကားများမှာ တံခါးတစ်ပေါက်ပါကားများဖြစ်သည့်အတွက် YBS ယာဉ်စီးခပေးကဒ်စနစ် လုပ်ဆောင်ရာတွင်အခက်အခဲများရှိသောကြောင့် ထိုမီနီဘတ်ကားများကို မြို့အစွန်နေရာများသို့ ပြောင်းလဲပြေးဆွဲရန် စီစဉ်လုပ်ဆောင်နေခြင်းဖြစ်သည်။

"ဒီနှစ်အတွင်းမှာပဲ မီနီဘတ်စ်ကားတွေကို မကြာခင် မြို့ပြင်နေရာတွေကို ပြောင်းလဲပြေးဆွဲဖို့ လုပ်သွားမှာပါ။ ပြောင်းလဲမယ့် ယာဉ်လိုင်းလမ်းကြောင်းတွေကို စီစဉ်တာတွေလုပ်နေပါပြီ။ ၆ လအတွင်း ယာဉ်စီးခပေးတဲ့ ကဒ်စနစ်ကလည်း စပြီးတပ်ဆင်မှာဖြစ်လို့ မီနီဘတ်စ်ကားတွေအတွက် အခက်အခဲရှိနေတယ်။" ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် တိုက်ကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်က "မီနီဘတ်စ်များတွင် စပယ်ယာများပါဝင်ပြီး ငွေကောက်ခံနေမှုအား အရေးယူပေးရန် အစီအစဉ်ရှိ/မရှိ" မေးမြန်းခဲ့ရာတွင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က မီနီဘတ်စ်များမှာ အရှေ့အနောက်တံခါးပေါက်များမပါရှိဘဲ အလယ်တံခါးပေါက်တစ်ခုထဲပါရှိ၍ စပယ်ယာပါဝင်ရခြင်းဖြစ်ကြောင်း၊ မီနီဘတ်စ်များကို လျော့ချပြီး ပပျောက်သွားသည့်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

Author