Mini Truck တံခါးလေးပေါက် ကားများကို တင်သွင်းသူများသည် ပါမစ်လျှောက်စဉ် ကတည်းက Mini Truck အဖြစ် လျှောက်ထားခဲ့ပြီး ဆိပ်ကမ်းသို့ ရောက်ရှိသည့်အခါ ဝက်ဂန် အခွန်နှုန်းတိုင်း ကောက်ခံသောကြောင့် ထိုကားများကို ထုတ်ယူရန် အခက်အခဲများ ဖြစ်ပေါ်နေသည်။ လက်ရှိ ကောက်ခံနေသော Mini Truck တံခါးလေးပေါက် ကားများ၏ အခွန်နှုန်းထားနှင့် ပတ်သက်၍ ထိုကားများကို တင်သွင်းခဲ့သူ ကိုရဲက "Mini Truck တံခါးလေး ပေါက်ကားတွေက ဇိမ်ခံကားမဟုတ်တဲ့အတွက် ဝက်ဂန်အခွန် နှုန်းအတိုင်း မကောက်ခံသင့်ပါဘူး၊ ဒီကားတွေက အင်ဂျင်ပါဝါ ၆၆ဝ ပဲရှိပြီး Mini Truck တံခါးနှစ်ပေါက် ကားတွေနဲ့လည်း ဈေးနှုန်းမကွာဟတဲ့ အတွက်လုပ်ငန်းသုံးယာဉ် အတိုင်းပဲ အခွန်ကောက်ခံ သင့်ပါတယ်၊ ၂ဝဝ၅ မိုဒယ် Mini Truck တံခါးလေးပေါက်ကားကို တင်သွင်းခဲ့ပြီးမှ ဝက်ဂန်နှုန်းထားအတိုင်း အခွန်ကောက်ခံတဲ့အတွက် ကား တန်ဖိုးထက် အခွန်နှုန်းထားက ပိုများနေပါတယ်၊ နောက်ပြီး ဝက်ဂန်လို့ သတ်မှတ်တဲ့အတွက် ၂ဝဝ၅ မိုဒယ်ကားကို တင်သွင်းတဲ့အခါ သုံးနှစ်လျော့ဆိုပြီး ဒဏ်ကြေးထပ်ပြီး ကောက်ခံပါတယ်၊ ဒါကြောင့် အခွန်နှုန်းထားနဲ့ ဒဏ်ကြေးပေါင်းလိုက်ရင် သိန်း ကိုးဆယ်ကျော်သွားပါတယ်၊ ဒီကားတစ်စီးကိုအပြင်မှာ ရောင်းရင် သိန်း ခုနစ်ဆယ်လောက် ပဲရတဲ့အတွက် ကောက်ခံတဲ့အခွန်နှုန်းထားတွေက မဖြစ် သင့်ပါဘူး" ဟုဆိုခဲ့သည်။ ထိုကားများကို ယခင်က လုပ်ငန်းသုံးယာဉ်အဖြစ် သတ်မှတ်ပြီး အခွန် ၁၃ ရာခိုင်နှုန်း သာ ကောက်ခံခဲ့သော်လည်း ကညနမှ တံခါးလေးပေါက်ဖြစ်၍ ဝက်ဂန် အဖြစ် သတ်မှတ်လိုက်သောအခါ အခွန်နှုန်းထားများ မြင့်တက်သွား ခဲ့ခြင်းဖြစ်သည်။ Mini Truck တံခါးလေးပေါက် ကားများ၏ အခွန်နှုန်းထားနှင့်ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနမှ ပြန်လည်စစ်ဆေးရန် အစီအစဉ်ရှိကြောင်း သိရသည်။
Ref: Automobile