ဒဂုံမြို့သစ်(၄)မြို့နယ်ရှိ လမ်းများကို စီမံချက်ဖြင့် ပြုပြင်ပြီး မီနီဘတ်စ် ယာဉ်လိုင်းများ ပြေးဆွဲပေးသွားမည်

0

Full article

ဒဂုံမြို့သစ်(၄)မြို့နယ်ရှိ လမ်းများကို စီမံချက်ဖြင့် ပြုပြင်၍ မီနီဘတ်စ် ယာဉ်လိုင်းများ ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွတ်တော်အစည်းအဝေးတွင်လျှပ်စစ်၊စက်မှု၊လက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ၏ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ရိုးမရိပ်သာမှ ကြည်စုအနောက်၊ သိန်းတစ်ရာလမ်းမကြီး ရပ်ကွက်အတွင်းပိုင်းများ၊ ပုလဲရတနာလမ်း၊ အောင်ဇေယျလမ်းမကြီးနှင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှ ဒဂုံတက္ကသိုလ် စသည့်နေရာများသို့ YBS ယာဉ်လိုင်းများ တိုးချဲ့ပြေးဆွဲပေးရန် အစီအစဉ် ရှိ၊မရှိကို သိရှိလိုပါကြောင်း မေးခွန်းအား လျှပ်စစ်၊စက်မှု၊လက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

"ကျွန်မတို့အနေနဲ့ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းနဲ့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်များအတွင်း မြို့နယ်ချင်းချိတ်ဆက်ပြီးတော့ ပြေးဆွဲမယ့် ယာဉ်လိုင်းများကို စီစဉ်ဆောင်ရွက်သွားဖို့လုပ်ဆောင်နေပါတယ်။ စီစဉ်ရာမှာလည်း မြို့နယ်အတွင်း ချိတ်ဆက်တဲ့လိုင်းတွေဟာ လမ်းတွေရဲ့ အနေအထားအရ မီနီဘတ်စ် လိုင်းတွေ ဖြစ်ရမှာ ဖြစ်တဲ့အတွက် မီနီဘတ်စ် ယာဉ်လိုင်းများနဲ့လည်း ညှိနှိုင်းနေပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြီးတော့ ပြေးဆွဲနိုင်ရေးအတွက်လည်း ဒီဒဂုံမြို့သစ်(၄)မြို့နယ်က လမ်းတွေကို ကျွန်မတို့အနေနဲ့ စီမံချက်ဖြင့် ပြုပြင်ပြီး ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။ မကြာခင်က ဖွင့်လှစ်ခဲ့တဲ့ ဒဂုံမြို့သစ်တောင်ပိုင်းက မင်းရဲကောင်းဘုံလမ်းမှာလည်း (၅၉)ယာဉ်လိုင်းကို စတင် ပြေးဆွဲပေးခဲ့ပါတယ်။ ယခုအခါမှာ လွှတ်တော်ကိုယ်စားကြီးများရဲ့ တောင်းဆိုချက်အရ ဒီယာဉ်လိုင်းများကို လမ်းတိုးချဲ့ပေးဖို့လည်း စီစဉ်ဆောင်ရွက်လျှက် ရှိပါတယ်။"ဟု ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားခဲ့
သည်။

ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် မြို့နယ်အတွင်း ဖြတ်သန်းပြီး စတင်ပြေးဆွဲသည့် ယာဉ်လိုင်းပေါင်း (၁၇)လိုင်း ရှိပြီး အဆိုပါ (၁၇)လိုင်းမှာ ရွှေတိဂုံအထိ ပြေးဆွဲသည့် အမှတ်(၈)ယာဉ်လိုင်း၊ တာမွေမြို့နယ်အထိ ပြေးဆွဲသည့် အမှတ်(၉)ယာဉ်လိုင်း၊ အလုံ၊ဆူးလေ၊လမ်း(၅ဝ)၊သိမ်ဖြူ စသည့်နေရာများသို့ ပြေးဆွဲသည့် ယာဉ်လိုင်းများလည်း ရှိကြောင်း သိရသည်

Author