မင်္ဂလာဒုံဥယျာဉ်အိမ်ရာ ဂိတ်ပေါက်များတွင် ယာဉ်ဖြတ်သန်းခကောက်ခံနေမှု စည်ပင်သာယာရေး ဥပဒေနှင့်အညီ တားမြစ်ဆောင်ရွက်မည်

0

Full article

ဇေကမ္ဘာဝင်းအတွင်းရှိ မင်္ဂလာဒုံဥယျာဉ်အိမ်ရာ ဂိတ်ပေါက်များတွင် ယာဉ်ဖြတ်သန်းခ ကောက်ခံနေမှုအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေနှင့်အညီ တားမြစ်ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးမှ ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ အဋ္ဌမမြောက် ပုံမှန်အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြောက်ဥက္ကလာမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင်က ရွှေပေါက်ကံမြို့သစ်ရပ်ကွက်၊ အဓိက ဝင်ပေါက်/ထွက်ပေါက်များဖြစ်သည့် ဗိုလ်တေဇလမ်း (A1) ထိပ်ဂိတ်၊ မင်္ဂလာဒုံဥယျာဉ်အိမ်ရာဂိတ်၊ အိုးအိမ်ဂိတ်နှင့် ညောင်ရမ်းလမ်းထိပ်ဂိတ်များတွင် စည်းကမ်းမဲ့စွာ ကားဖြတ်သန်းခငွေကြေးများ ကောက်ခံနေမှုကို စစ်ဆေးတားမြစ်ရန် အစီအစဉ်ရှိ/မရှိကိုသိလိုပါကြောင်း မေးမြန်းခဲ့ရာတွင် ရန်ကုန်မြို့တော်ဝန်က "ကျွန်တော်တို့စိစစ်ချက်များအရ ဇေကမ္ဘာဝင်း၊ မင်္ဂလာဒုံဥယျာဉ်အိမ်ရာအတွင်းမှာ ယာဉ်ဖြတ်သန်းခများ ကောက်ခံလျက်ရှိတာကို တွေ့ရပါတယ်။ အသစ်ပြဋ္ဌာန်းခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ (၃၁၄)၊ အခွန်အခများ စည်းကြပ်ကောက်ခံခြင်းဆိုင်ရာ တားမြစ်ချက်ရဲ့ ပုဒ်မခွဲ (က) အရ မည်သူမျှ ကော်မတီမှတာဝန်ပေးအပ်ခြင်းမရှိဘဲ မြို့တော် နယ်နိမိတ်အတွင်း စည်ပင်သာယာဆိုင်ရာ အခွန်အခများ ကောက်ခံခြင်း မပြုရလို့ ပြဋ္ဌာန်းထားပါတယ်။ ဒီအတွက် ဇေကမ္ဘာဝင်း၊ မင်္ဂလာဒုံဥယျာဉ်အိမ်ရာ ဂိတ်ပေါက်များတွင် ယာဉ်ဖြတ်သန်းခ ကောက်ခံနေမှုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေနဲ့အညီ တားမြစ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။" ဟု ရန်ကုန်မြို့တော်ဝန်က ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ အဋ္ဌမမြောက်ပုံမှန် အစည်းအဝေးတွင် ပြန်လည်ဖြေကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဇေကမ္ဘာဝင်းအတွင်းရှိ မင်္ဂလာဒုံဥယျာဉ်အိမ်ရာ ဂိတ်ပေါက်များတွင် ယာဉ်ဖြတ်သန်းခ ကောက်ခံနေမှုအတွက် ဇေကမ္ဘာဥက္ကဋ္ဌအား ဖြတ်သန်းခမကောက်ခံရန် နို့တစ်စာ ထုတ်၍ပေးပို့ထားပြီးဖြစ်ရာ ဆက်လက်လုပ်ဆောင်နေပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေနှင့်အညီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးမှ ဆက်လက်ပြောဆိုသွားခဲ့သည်။

Author