Full article

ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာန (ကပရ)နှင့် ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီနှစ်ခု ပူးပေါင်းဆောင်ရွက်မည့် မြို့တွင်းဘတ်စ်ကား ပြေးဆွဲမှု အပါအဝင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်ငါးခုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC)မှ ခွင့်မပြု၍ ပြည်ထောင်စုအစိုးရသို့ တင်ပြမည် ဖြစ်ကြောင်း 'ကပရ'မှ သတင်းရရှိသည်။

Seoul_Bus_G5412

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ကပရနှင့် ပုဂ္ဂလိကကုမ္ပဏီတို့ ဆောင်ရွက်မည့် မြို့တွင်းဘတ်စ်ကား ပြေးဆွဲမှု အပါအဝင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ် ငါးခုမှာ ကော်မတီ၏ ဥပဒေ စည်းကမ်းချက်များအရ ခွင့်ပြုရန်မသင့်သောကြောင့် လုပ်ငန်းဆောင်ရွက်ခွင့်ကို ပြန်လည်ချထားပေးခြင်းမရှိ ကြောင်း သိရသည်။

"MIC ရဲ့မူအရ လုပ်ငန်းတစ်ခု လာတင်ပြီဆိုရင် လာတင်တဲ့ကုမ္ပဏီက ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး အကျိုးအမြတ် ရရမယ်၊ ပြီးတော့ နိုင်ငံတော်ကို အထောက်အကူ ပြုရမယ်ဆိုပြီး အကြမ်းဖျင်း သတ်မှတ်ထားတယ်၊ အခုလုပ်မယ့် ဒီသယ်ယူပို့ဆောင်ရေး လုပ်ငန်း (၅)ခုမှာ City Bus ပြေးဆွဲမှုက တွက်ခြေမကိုက်ဘူး၊ အရှုံးပေါ်မယ်၊ နောက်ပြီး ဌာနက ဝန်ထမ်း ငါးရာကျော်ကို ပူးပေါင်းလုပ်ဆောင်မယ့် ကုမ္ပဏီတွေမှာ လွှဲပြောင်းခန့်အပ်မယ်၊ ဒီနှစ်ခုစလုံးက ကုမ္ပဏီအတွက် မကိုက်ဘူး၊ အဆင်မပြေ နိုင်ဘူးဆိုပြီး MIC က ခွင့်ပြုချက်ချမပေးတာ၊ ဒါကြောင့် ပြည်ထောင်စုအစိုးရကို တင်ပြပြီး အစိုးရ ခွင့်ပြုရင်တော့ လုပ်မယ်၊ မပြုရင်တော့ မလုပ်ရတော့ဘူးပေါ့"ဟု 'ကပရ'မှ ဒုတိယအထွေထွေ မန်နေဂျာ ဦးတင်ဝင်းအောင်က ပြောသည်။ ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာနအနေဖြင့် မြို့တွင်းဘတ်စ်ကား ပြေးဆွဲမှုအပါအဝင် သယ်ယူပို့ ဆောင်ရေး လုပ်ငန်းစဉ် ငါးခု ဆောင်ရွက်ရန် ၂ဝ၁၂ ခုနှစ်တွင် ဂျပန်-မြန်မာဖက်စပ် Fujiyama Trading Ltd ၊ ကိုရီးယားနိုင်ငံ Busan Bus ၊ ရန်ကုန်မှ Forever Green Light ကုမ္ပဏီ၊ မန္တလေးမှ မိုးသောက်နှင်းကုမ္ပဏီ တို့နှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့သော်လည်း မြို့တွင်းဘတ်စ်ကား ပြေးဆွဲမှုမှာ အရှုံးပေါ်သည့်အတွက် ဂျပန်-မြန်မာ ဖက်စပ်ကုမ္ပဏီ၊ Busan Bus နှင့် မိုးသောက်နှင်း ကုမ္ပဏီတို့ နုတ်ထွက်သွားခဲ့သည်။ လက်ရှိ Forever Green Light မှ ကျပ် သန်း ၇,၁ဝဝ ကျော်နှင့် ဆန်းရောင်နီ ကုမ္ပဏီမှ ကျပ်သန်း သုံးထောင်ကျော် ရင်းနှီးမြှုပ်နှံကာ အရှုံးပေါ်ပါကလည်း လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်ရန် သဘောတူထားကြောင်း သိရသည်။ အကျိုးတူ ပူးပေါင်းစနစ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ် ငါးခုမှာ မြို့တွင်းဘတ်စ်ကားပြေးဆွဲမှု၊ အငှားယာဉ်ပြေးဆွဲမှု၊ ကုန်စည် သယ်ယူပို့ဆောင်ရေး၊ အဝေးပြေး သယ်ယူပို့ဆောင်ရေးနှင့် ယာဉ်ပြုပြင် ထိန်းသိမ်းရေး အလုပ်ရုံများ ပါဝင်ကာ ယင်းလုပ်ငန်းစဉ်များ၌ မြို့တွင်းဘတ်စ်ကား ပြေးဆွဲမှုမှာ အရှုံးပေါ်နိုင်ပြီး ကပရမှ ကုမ္ပဏီသို့ လွှဲပြောင်းမည့် အစိုးရဝန်ထမ်း ငါးရာကျော်မှာလည်း ကုမ္ပဏီအတွက် အခက်အခဲ ဖြစ်စေနိုင်ကြောင်း သိရသည်။

Ref: Automobile

Author