၇၅ စီးသာထုတ်မှာဖြစ်တဲ့ Mercedes ရဲ့ SLR McLaren Stirling Moss

0

Full article

ဒီနေ့ (ဧပြီလ ၁၂ ရက်နေ့) မှာ ကာလရှည်နာမကျန်းဖြစ်နေတဲ့ အသက် ၉၀ အရွယ် Sir Stirling Moss တစ်ယောက် လန်ဒန်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ သူဟာ OBE ဆုတံဆိပ်ရ ဗြိတိသျှတို့ရဲ့ ဂန္ထဝင် Formula One ပြိုင်ကားမောင်းသမားပါ။

၁၉၅၅ ခုနှစ် အီတလီမှာကျင်းပခဲ့တဲ့ Mille Miglia ကားမောင်းပြိုင်ပွဲမှာဗြိတိသျှတို့ရဲ့ အသက် ၂၅ နှစ်အရွယ်ပြိုင်ကားမောင်းသမားဟာ မိုင်တစ်ထောင်ကို ၁၀ နာရီနဲ့ ၇ မိနစ်အတွင်းမောင်းနှင်ခဲ့ပြီး ယခုအချိန်အထိမချိုးဖျက်နိုင်သေးတဲ့ စံချိန်တစ်ခုကိုတင်ခဲ့ပါတယ်။ အဲဒီပြိုင်ကားမောင်းသမားကတော့ Stirling Moss ဖြစ်ပြီး သူမောင်းနှင်ခဲ့တဲ့ကားကတော့ Mercedes-Benz 300 SLR ပါ။ အဲဒီကားရဲ့နံပတ်ကတော့ 722 ဖြစ်ပါတယ်။

အခု Stirling Moss အမှတ်တရအဖြစ် အထူးထုတ်လုပ်မယ့် Mercedes ရဲ့ SLR McLaren Stirling Moss ကတော့ အစီးရေ ၇၅ စီးပဲထုတ်လုပ်မှာဖြစ်တဲ့အတွက် အထူးရှားပါးမှာဆိုတာကိုတော့ ပြောစရာကိုလိုမှာမဟုတ်ပါဘူး။ ဒီလိုထုတ်လုပ်ခြင်းဟာ Mille Miglia နဲ့ Targa Florio မှာရယူနိုင်ခဲ့တဲ့ Sir Stirling Moss ရဲ့ အောင်မြင်မှုတွေကိုလည်း ရည်းစူးထားတာပါ။

YouTube ကြယ်တစ်ပွင့်ဖြစ်တဲ့ Supercar Blondie ဟာ ဂျာမနီနိုင်ငံ စတုဂတ်မြောက်ပိုင်းမှာရှိတဲ့ Mechatronik GmbH ကိုဖိတ်ကြားခံခဲ့ရပြီး အဲဒီမှာစုဆောင်းထားတဲ့ Mercedes models တွေကိုလေ့လာခွင့်ရရှိခဲ့တယ်။ အဲဒီ Mercedes တွေထဲမှာ SLR McLaren Stirling Moss ဟာ တစ်စီးနှစ်စီးမဟုတ်ဘဲ သုံးစီးတောင်ရှိခဲ့တာပါ။

တစ်စီးကို ဒေါ်လာ သုံးသန်းတန်ဖိုးရှိပြီး ထုတ်လုပ်တဲ့အစီးရေအားလုံးမှာ လေကာမှန်မပါသလို ခေါင်မိုးလည်းမပါပါဘူး။ Stirling Moss တွေဟာ SLR versions တွေအားလုံးထဲမှာ ပိုရှည်ပြီး ပိုကျယ်တာတောင်မှ အပေါ့ပါးဆုံးဖြစ်တယ်။ ၁,၅၅၁ ကီလိုဂရမ် (၃,၄၁၉ ပေါင်) အလေးချိန်ရှိပြီး တချို့ SLR တွေထက် ၂၀၀ ကီလိုဂရမ် (၄၄၁ ပေါင်) အထိကို ပိုပြီးပေ့ါပါးတာပါ။ လုံးဝကို မြန်နှုန်းမြင့်ပုံစံ ကိုယ်ထည်အချိုးနဲ့ဖြစ်ပြီး လေကာမှန်နေရာမှာတော့ ၂ စင်တီမီတာ (၀.၈ လက်မ) သာ ဗြက်ရှိတဲ့ သေးငယ်တဲ့လေလွှဲမှန်ငယ်ကလေးတွေကို Mercedes ကတပ်ဆင်ပေးထားပါတယ်။ Supercar Blondie ကတော့ SLR McLaren Stirling Moss ကိုစမ်းသပ်မောင်းနှင်ရာမှာ အထူးပြုလုပ်ထားတဲ့ Oakley လေကာမျက်မှန်တပ်ပြီးမောင်းနှင်ခဲ့တာပါ။

ကောင်းပြီ။ ဂန္ထဝင်ပြိုင်ကားမောင်းသမားကြီး Sir Stirling Moss အတွက်ရည်စူးထုတ်လုပ်တဲ့ SLR McLaren Stirling Moss ရဲ့စွမ်းဆောင်ရည်က ဘယ်လောက်ရှိမလဲ။ ကျန်တာတွေတော့မပြောတော့ပါဘူး။ SLR McLaren Stirling Moss ဟာ တစ်နာရီ ၆၂ မိုင်နှုန်း (၁၀၀ ကီလိုမီတာနှုန်း) ကိုရရှိဖို့အတွက် ၃.၅ စက္ကန့်အတွင်း အရှိန်တင်မောင်းနှင်နိုင်ပါတယ်။​ အမြင့်ဆုံး မြန်နှုန်းအနေနဲ့ကတော့ တစ်နာရီကို ၂၁၇ မိုင်နှုန်း (ကီလို ၃၅၀ နှုန်း) အထိ မောင်းနှင်လို့ရတဲ့ကားတစ်စီးပါ။

ရှားပါးတယ်။ စွမ်းဆောင်ရည် အထူးမြင့်မားတယ်။ ဈေးနှုန်းကလည်း မြင့်တယ်။​ ဒါပေမဲ့ ဂန္ထဝင်ပြိုင်ကားမောင်းသမားကြီး Sir Stirling Moss အမှတ်တရဖြစ်နေတာကတစ်ကြောင်း နောင်နှစ်အနည်းငယ်ကြာတဲ့အခါမှာ ဒီထက်မကတဲ့ ဈေးနှုန်းများစွာနဲ့. ပြန်လည်ရောင်းချနိုင်မယ့်အခွင့်အရေးရှိနေတာကတစ်ကြောင်း အကြောင်းကြောင်းကြောင့် SLR McLaren Stirling Moss ဟာ အထူးရောင်းကောင်းမယ်ဆိုတာကတော့ အငြင်းပွားစရာမဟုတ်တာ အသေအချာပါပဲ။

Ref: Mercedes SLR McLaren Stirling Moss Shows Radical Shape On Video by Adrian Padeanu

Author