မြန်မာ-အိန္ဒိယ ပူးတွဲဘတ်စ်ကားလိုင်း ပြေးဆွဲရေးအတွက် နားလည်မှုစာချွန်လွှာ ( MoU) လက်မှတ်ရေးထိုးခြင်းကို မန္တလေးမြို့တွင်ပြုလုပ်ခဲ့

0

Full article

မြန်မာ-အိန္ဒိယ ပူးတွဲဘတ်စ်ကားလိုင်း ( Coordinate Bus Service) ပြေးဆွဲရေးအတွက် နားလည်မှုစာချွန်လွှာ ( MoU) လက်မှတ်ရေးထိုးခြင်းကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် မန္တလေးမြို့တွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ရှိ ပြည်သူများသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာဘက်အခြမ်းတွင် မန္တလေးမြို့နှင့် တမူးမြို့ကြား၊ အိန္ဒိယဘက်အခြမ်းတွင် အင်ဖာမြို့နှင့် မိုရေးမြို့တို့အကြား ပူးတွဲဘတ်စ်ကားလိုင်း ( Coordinate Bus Service) ပြေးဆွဲနိုင်ရေးအတွက် မြန်မာဘက်မှ Shwe Mandalar Express Co.,Ltd နှင့် အိန္ဒိယဘက်မှ M/s Seven Sisters Holidays တို့သည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် မန္တလေးမြို့၊ အိန္ဒိယ ကောင်စစ်ဝန်ရုံးတွင် နားလည်မှုစာချွန်လွှာ ( MoU) ကိုလက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။ အဆိုပါလက်မှတ်ရေးထိုးပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အိန္ဒိယဘက်မှ ကောင်စစ်ဝန်နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ထိုကဲ့သို့ ပူးတွဲဘတ်စ်ကားလိုင်းပြေးဆွဲခြင်းသည် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ ဘုရားဖူးခရီးစဉ်နှင့် အိန္ဒိယနိုင်ငံသို့ ဆေးသွားကုမည့်သူများကို အဓိက မျှော်မှန်းပြီး မြန်မာနိုင်ငံသို့လည်း ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာမည်ဟု မျှော်မှန်းပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

အိန္ဒိယ-မြန်မာ ပူးတွဲဘတ်စ်ကားလိုင်း (Coordinate Bus Service) ပြေးဆွဲမှုကို ၂၀၂၀ ပြည့်နှစ် ဧပရယ်လ ၇ ရက်နေ့တွင် မန္တလေးမြို့မှ လည်းကောင်း၊ ဧပရယ်လ ၈ ရက်နေ့တွင် အင်ဖာမြို့မှလည်းကောင်း စတင်စမ်းသပ်ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။

Author