Full article

ရန်ကုန်၊ သြဂုတ် ၁၁

မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်၏ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ရေး စက်ရုံမှ ထုတ်လုပ်သည့် စီးတီးဘတ်စ်များ အပါအဝင် လုပ်ငန်းသုံးယာဉ်အမျိုးအစား ငါးမျိုးကို ပြည်တွင်းဈေးကွက်တွင် ဖြန့်ဖြူးရောင်းချသွားရန်ရှိကြောင်း "မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ အင်းတကော်စက်မှုနယ်မြေ၊ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ရေး စက်ရုံ" မှ သိရသည်.။

မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်အနေဖြင့် တရုတ်နိုင်ငံအခြေစိုက် Yutong ကားစက်ရုံနှင့် ပူးပေါင်း၍ အင်းတကော် စက်မှုနယ်မြေတွင် မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ထားပြီး အဆိုပါစက်ရုံမှ SKD စနစ်ဖြင့် စီးတီးဘတ်စ်များ၊ အဝေးပြေးကားများနှင့် တွဲယာဉ်စက်ခေါင်းများကို ထုတ်လုပ်လျက်ရှိကာ လာမည့် ၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ Yutong Sightseeing Bus, Yutong City Bus, Beiben Prime Mover, Flat Bed Semi Trailer နှင့် Low Bed Trailer စသည့် ယာဉ်အမျိုးအစား (၅) မျိုးကို ပြည်တွင်းလုပ်ငန်းသုံး မော်တော်ယာဉ်ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း သိရသည်.။

"လက်ရှိ စက်ရုံကထုတ်တဲ့ စီးတီးဘတ်စ်တွေက ဒီဇယ်အသုံးပြု ကားတွေပါ၊ အဲဒါတွေကိုလည်း CNG ယာဉ်အဖြစ် ပြောင်းလဲထုတ်လုပ်သွားမယ်၊ အဓိကကတော့ လာမယ့် ၂ဝ၁၆ ခုနှစ်မှာ ပြည်တွင်းဈေးကွက်မှာ ဝင်ရောက်ဖြန့်ဖြူးနိုင်အောင် ဆောင်ရွက်မှာပါ၊ လတ်တလောတော့ ယာဉ်အမျိုးအစား (၅) မျိုး ထုတ်လုပ်ဖြန့်ဖြူးသွားဖို့ စီစဉ်ထားပါတယ်" ဟု "မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ အင်းတကော်စက်မှုနယ်မြေ၊ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ရေး စက်ရုံ" မှ စက်ရုံမှုးက ပြောသည်.။

၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ထုတ်လုပ်ရောင်းချမည့် ယာဉ်အမျိုးအစား (၅) မျိုးမှာ Sightseeing Bus ၅၅ စီး၊ City Bus ၃၅ စီး၊ Prime Mover အစီး ၅ဝ၊ Flat Bed Semi Trailer အစီး ၅ဝ နှင့် Low Bed Trailer ၁ဝ စီး စုစုပေါင်း အစီး နှစ်ရာ ကို ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း၊ ယင်းအတွက် သတ်မှတ်ဈေးနှုန်း ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ပြည်တွင်း၌ မော်တော်ယာဉ်အရောင်းပြခန်းများ ဖွင့်လှစ်၍ တရားဝင် ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း သိရသည်.။

သဥ္စာ၊ မာကို

August 14, 2015 ရက်နေ့ထုတ် Automobile ဂျာနယ်မှ ကူးယူဖော်ပြသည်.။

No.1 Car Site in Myanmar

www.carsdb.com

Author