Full article

ရန်ကုန် က.ည.န မှတ်ပုံတင် YGN နံပါတ်ယာဉ်များသည် မန္တလေးတိုင်းဒေသကြီး က.ည.န သို့ MDY နံပါတ်ပြောင်း နယ်ဝင်ခြင်း နည်းပါးရခြင်းမှာ ထိုသို့ပြောင်းပြီးနောက် ရန်ကုန် YGN ပြန်ပြောင်းပါက အခက်အခဲများရှိခြင်းကြောင့် ဖြစ်ကြောင်း ကားပွဲစားတစ်ဦးက ပြောသည်.။

နယ်ဝင် နယ်ပြောင်းလုပ်တာက လုပ်ငန်းစဉ်အတိုင်း လုပ်ရင်ရပါတယ်.။ ခက်တာက ရန်ကုန်ကနေ မန္တလေးကိုနယ်ဝင်ရင် လွယ်တယ်.။ က.ည.န လုပ်ငန်းစဉ်အတိုင်းပဲ.။ ဒါပေမယ့် မန္တလေး MDY ကနေ ရန်ကုန် YGN ပြန်ပြောင်းမယ်ဆိုရင် ရန်ကုန်မှာလုပ်ရတာ ခက်တယ် ဟု ၎င်းကပြောသည်.။

မန္တလေးမြို့မှ ယာဉ်ပိုင်ရှင်များသည် YGN (ရန်ကုန်) မှတ်ပုံတင်ယာဉ်အများဆုံးပိုင်ဆိုင် မောင်းနှင်ကြ၍ မန္တလေး (က.ည.န) နယ်ဝင်လျှင် လွယ်ကူမှုရှိသော်လည်း MDY နယ်ဝင်ပြီးမှ ရန်ကုန် (က.ည.န) YGN အဖြစ် နယ်ဝင်မည်ဆိုပါက ကားပါကင်ထောက်ခံစာ လိုအပ်ခြင်းသည် နယ်ဝင်လုပ်ဆောင်သူအတွက် ကြီးမားသောအခက်အခဲ ဖြစ်နေသည်ဟု ဆိုသည်.။

ရန်ကုန်ကနေ မန္တလေးကို ပြောင်းလာတာ။ နောက်တစ်နှစ်နီးပါးဆိုရင် ရန်ကုန်ပြန်ပြောင်းရမယ်ဆိုတော့ ကားကို YGN ကနေ MDY နယ်ဝင်တာကိစ္စမရှိဘူး။ ရန်ကုန်ပြောင်းရင် ဒီကားကို YGN ပြန်ပြောင်းဖို့ ကားပါကင်ထောက်ခံချက်ဘယ်လိုရတော့မလဲ။ ရန်ကုန်ဆိုတာ တိုက်ခန်းတွေများတာ။ ပါကင်မရှိသလောက်ဖြစ်လို့ ကားပါကင်ဈေးကွက်တောင် ဖြစ်နေတာလေ ဟု ကုမ္ပဏီမန်နေဂျာတစ်ဦးက ပြောသည်.။

မန္တလေးမြို့တော်စည်ပင်မှ မြို့ဝင်ကြေး အနည်းဆုံးကျပ် (၂ဝဝဝ)မှ စ၍ တန်ချိန်အလိုက် ကောက်ခံသွားမည်ဟူသော ကြေညာချက်ကြောင့် မန္တလေး (က.ည.န) သို့ နယ်ဝင်လာသည့် မော်တော်ယာဉ်အစီးရေမှာ တစ်ရက်လျှင် အစီးရေ (၈ဝ)မှ မေလ (၅) ရက်နောက်ပိုင်း (၁၅ဝ)အထိ ရှိလာကြောင်း၊ MDY မှတ်ပုံတင်ထားပြီး အစီးရေမှာ (၁၁ဝဝ၆၈) စီးရှိကြောင်း က.ည.န မှ သိရသည်.။

နယ်ဝင်တယ်ဆိုတာ က.ည.န ပုံမှန်လုပ်ငန်းစဉ်ပါ.။ အရင်ကတည်းက နယ်ဝင်မှတ်ပုံတင်လုပ်ပေးနေတုန်းက တစ်ရက်ကို အစီးရေ (၁ဝ)စီးလောက်ပဲရှိတယ်.။ မြို့ဝင်ကြေး ကောက်ခံမယ့်ကိစ္စကြောင့် ခုရက်ပိုင်းမှာ MDY နယ်ဝင်သူ တအားများလာတာ။ အရင်က မရှိသလောက်ပဲ ဟု က.ည.န ဝန်ထမ်းတစ်ဦးက ပြောသည်.။

ယင်းကဲ့သို့ မြို့ဝင်ကြေးကောက်ခံမှုကို မြို့တော်စည်ပင်က မေလတစ်လ ခေတ္တရပ်ဆိုင်းထားခြင်းဖြစ်သော်လည်း မန္တလေး (က.ည.န) အနေဖြင့် ကျန်သည့်လများတွင်လည်း မြန်ဆန်မှုရှိအောင် ဆက်လက်လုပ်ဆောင်ပေးမည်ဟု ဆိုသည်.။

ခိုင်ဆက်ဝေ (မေ-၂၂-၂ဝ၁၅ ထုတ် Auto World ဂျာနယ်မှ ကူးယူဖော်ပြသည်)

No. 1 Car Site in Myanmar

www.myanmarcarsdb.com

Author