လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းအား နေရာရွှေ့ပြောင်းရန် အစီအစဉ်မရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးပြောကြား

0

Full article

လုံလောက်သော မြေနေရာအကျယ်အဝန်းမရှိခြင်း၊ ယာဉ်ရောင်းဝယ်ရေးသည် ကညန ၏လုပ်ပိုင်ခွင့်ဖြစ်နေခြင်း၊ အခြားသော မော်တော်ယာဉ်လုပ်ငန်းရှင်များသည် အခွန်အခများပေးဆောင်ကာ Show Room များဖွင့်လှစ်ဆောင်ရွက်နေခြင်းတို့ကြောင့် လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းအား နေရာရွှေ့ပြောင်းရန် အစီအစဉ်မရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားခဲ့သည်။

သီရိမင်္ဂလာဈေး အဆောက်အအုံကို အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်သဖြင့် ၁၇.၈.၂၀၁၇ ရက်နေ့မှ စတင်ပိတ်သိမ်းခဲ့စဉ်ကလည်း နေရာအစားထိုး သတ်မှတ်ပေးခဲ့ခြင်းမရှိဘဲ ယာဉ်ရပ်နားရပ်ရန်အခက်အခဲရှိက လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းတွင်လည်းကောင်း၊ သံသုမာယာဉ်ရောင်းဝယ်ရေးစခန်းတွင်လည်းကောင်း၊ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းနှင့်အမှတ်(၃) လမ်းကြားရှိယာဉ်ရပ်နားကွင်း(၃)တွင်လည်းကောင်း နေရာလစ်လပ်မှု အပေါ်မူတည်၍ ရပ်နားနိုင်ပါကြောင်းသာ ကြေညာခဲ့ပါကြောင်း၊ ယခုဖွင့်လှစ်ထားသည့် လှိုင်မြို့နဦယ်အတွင်းရှိ ယာဉ်ရောင်းဝယ်ရေးစခန်းသည် ယခင်ကအစားထိုးဖွင့်လှစ်ထားခဲ့သည့် နေရာဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေနေရာများတွင် ယခုကဲ့သို့ နေရာအကျယ်အဝန်းမျိုးမရှိခြင်း၊ မော်တော်ယာဉ် ဥပဒေအရ ယာဉ်ရောင်းဝယ်ရေးသည် ပြည်ထောင်စုအစိုးရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့၏ လုပ်ပိုင်ခွင့်ဖြစ်ခြင်း၊ အခြားမော်တော်ယာဉ် လုပ်ငန်းရှင်များသည် နိုင်ငံတော်အားပေးဆောင်ရမည့် အခွန်အခများ ပေးဆောင်၍ Show Room များဖွင့်လှစ် ဆောင်ရွက်နေပြီဖြစ်ခြင်းကြောင့် အခြားနေရာသို့ ပြောင်းရွှေ့ရန် အစီအစဉ်မရှိပါကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်ပြုလုပ်ခဲ့သောဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀) တွင်ပြောကြားခဲ့သည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀)တတိယနေ့တွင် လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက “လှိုင်မြို့နယ်အတွင်းဖွင့်လှစ်ထားသော ယာဉ်ရောင်းဝယ်ရေးစခန်းအား သင့်တော်သောနေရာများသို့ ပြောင်းရွှေ့ရန် အစီအစဉ် ရှိ/မရှိ ၊ပြောင်းရွှေ့မည်ဆိုပါက မည်သည့်အချိန်တွင် ပြောင်းရွှေ့မည်၊ ပြောင်းရွှေ့ရန်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ဟူသည့် မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

Author