စစ်ဆေးရန်မလွယ်သော ယန္တရားကားကြီးများ ယာဉ်မှတ်ပုံတင် လုပ်ဆောင်ထားခြင်းမရှိဘဲ တရားမဝင်လိုင်စင်မဲ့ကားအဖြစ်အသုံးပြုမှုများနေ

0

Full article

အများပြည်သူလမ်းမများပေါ်တွင် အသုံးပြုမှုနည်းပါးခြင်းကြောင့် စစ်ဆေးရန်မလွယ်ကူသဖြင့်
လုပ်ငန်းသုံးယန္တရားကြီးများမှာ ယာဉ်မှတ်ပုံတင် လုပ်ဆောင်ထားခြင်းမရှိဘဲ တရားမဝင်လိုင်စင်မဲ့ကားအဖြစ်အသုံးပြုမှုများနေလျက်ရှိကြောင်း ပြည်ပမှ လုပ်ငန်းသုံးယန္တရားကားကြီးများတင်သွင်းနေသူများထံမှသိရသည်။

အများပြည်သူလမ်းမများပေါ်တွင် အသုံးပြုမှုနည်းပါးပြီး စက်ရုံ၊ ဂိုဒေါင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ မိုင်းတွင်းများတွင်သာ အသုံးများနေသောလုပ်ငန်းသုံး ယန္တရားကြီးများမှာ တရားဝင်အခွန်ပေးဆောင်၍ တင်သွင်းလာခြင်းမဟုတ်ဘဲ လိုင်စင်မဲ့ကားအဖြစ်တင်သွင်းလာမှုများရှိနေသည်။ ထိုကားများသည် ယခင်က ကညန အခွန် မပေးဆောင်ရသော်လည်း မှတ်ပုံတင်ခ ကျသင့်ပေးဆောင်နေရာမှ ယခုအခါ ကညန အခွန် ၅ ရာခိုင်နှုန်းကိုစတင်ကောက်ခံနေသော်လည်း သိရှိသူ မရှိသေးကြောင်း ပြည်ပမှ လုပ်ငန်းသုံးယန္တရားကားကြီးများ တင်သွင်းနေသူများထံမှသိရသည်။

"ယန္တရားကားကြီးတွေကို ကညန အခွန် ၅ ရာခိုင်နှုန်း စပြီးကောက်ခံနေတာကို လာမလုပ်တဲ့သူများသလို တကယ်လည်း မှတ်ပုံတင်မလုပ်ကြဘူး။ လုပ်ငန်းခွင်တွေမှာပဲ သုံးတာများလို့ အခွန်က သိန်းကို ရာချီပြီးပေးရတယ်။ တောတဲမှာလုပ်နေတဲ့ ယန္တရားတွေဆို ဘယ်သူမှမှတ်ပုံတင် လုပ်ပြီးအခွန်ဆောင်တာမရှိဘူး။ မလုပ်တဲ့သူတွေက ဘာဖြစ်လဲဆိုတော့ ဘာမှလည်းမဖြစ်ကြဘူး။ တကယ်အခွန်ဆောင်ပြီး မှတ်ပုံတင်လုပ်တဲ့သူတွေပဲ နစ်နာတယ်။ ဒီကားတွေက အရင်က ကညန အခွန်မပေးရဘူး။ မှတ်ပုံတင်ကြေးလောက်ပဲပေးရတာ။ လမ်းပေါ်မှာလည်း မမောင်းတဲ့အတွက် လိုင်စင်မဲ့ သွင်းလာတာလည်း ရှိသလို တရားဝင်ဂျူတီဆောင်သွင်းပြီး ကညန အခွန်မဆောင်တော့ဘဲ လုပ်ငန်းထဲဝင်လုပ်နေတာတွေရှိတယ်။ လမ်းပေါ်မှာမဟုတ်လို့ စစ်ဆေးတာလည်း သိပ်မရှိသလို အခုထိ ယန္တရား ကားတွေကို အခွန်ကောက်နေတယ်ဆိုတာတောင် သိတဲ့သူသိပ်မရှိသေးဘူး" ဟု ယန္တရား ကားကြီးများ တင်သွင်းရောင်းချနေသူ ဦးအောင်ကျော်နိုင် ကပြောသည်။

လာမည့် ၂ဝ၁၉ ခုနှစ်မှစ၍ ပြည်ပမှ ယန္တယားတင်သွင်းရာတွင် အများပြည်သူသုံး လမ်းမများတွင် မောင်းနှင်အသုံးပြုခြင်းမရှိသည့် လုပ်ငန်းသုံးယန္တရားကြီးများအား လွန်ခဲ့သော ၁၅ နှစ်အတွင်း ထုတ်လုပ်သည့် ယာဉ်များအဖြစ်တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားရှိသည်။

Author