Full article

မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုဘဏ် တို့တွင် ပြည်ပမှ ကားများတင်သွင်းရန်အတွက် ဘဏ်စာရင်း လာရောက်ဖွင့်သူများ များပြားလျက်ရှိကြောင်း သိရပါသည်။ ၂ဝဝ၇ ခုနှစ်မော်ဒယ်နှင့်အထက် အိမ်စီးမော်တော်ယဉ်များအား ပါမစ်မလိုပဲသွင်းခွင့်ကို ယခုလဆန်းပိုင်းတွင် ကြေငြာခဲ့ပါသည်။ ကြေငြာပြီး ရက်ပိုင်းအတွင်း ဘဏ်စာရင်းဖွင့်ခွင့်အတွက် အခက်အခဲများရှိခဲ့သော်လည်း ပြီးခဲ့သည့် အပတ်မှစတင်၍ စာရင်းဖွင့်လှစ်ပေးမှုများ ပြုလုပ်ပေးလျှက်ရှိပါသည်။

ယခင်က ကားတင်သွင်းလိုလျှင် ပါမစ်လိုသည့်အတွက် ကားတစ်စီးလျှင် သိန်း ၁ဝဝ ကျော်ခန့် ပါမစ်ဖိုးအတွက် ပိုကုန်ကျခဲ့ရာမှ ယခုအပြောင်းအလဲကြောင့် များစွာသက်သာသွားပြီး ကားတင်သွင်းလိုသူများ များပြားလာလျက်ရှိသည်။ ယခုစနစ်သစ်ဖြင့် ၁၃၅ဝ စီစီအောက် ကားများတင်သွင်းပါက သိန်း ၁ဝဝ ဝန်းကျင်ခန့်သာ ကုန်ကျမည်ဖြစ်သောကြောင့်လည်း လူအများ ပိုမိုစိတ်ဝင်စားလာခြင်းဖြစ်သည်။

ကားတင်သွင်းရန် ဘဏ်စာရင်းဖွင့်လှစ်လိုပါက မှတ်ပုံတင် မူရင်းနှင့်မိတ္တူ လိုအပ်ပြီး လျှောက်လွှာတစ်စုံ ၆ဝဝ ကျပ်ဖြင့် ဝယ်ယူဖြည့်စွက်ကာ လျှောက်ထားရမည်ဖြစ်သည်။ အနည်းဆုံး ဒေါ်လာ ၁ဝဝ သို့မဟုတ် အက်ဖ်အီးစီ ၁ဝဝ ဖြင့် စာရင်းစတင်ဖွင့်နိုင်ပြီး မိမိတင်သွင်းလိုသည့် ကား၏တန်ဖိုးငွေအတိုင်း လုံလောက်သောပမာဏ ဘဏ်စာရင်းတွင် ရှိရမည်ဖြစ်သည်။ စာရင်းဖွင့်လှစ်နိုင်သော ဘဏ်များမှာ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဘဏ်၊ မြန်မာ့စီးပွားရေးဘဏ် တို့ဖြစ်သည်။

ကားတင်သွင်းခွင့် လျှောက်ထားသူ အများစုမှာ ဈေးနှုန်းနှင့် အခွန်သက်သာသည့် ၁၃၅ဝ စီစီအောက် ကားများကိုသာ တင်သွင်းလိုကြကြောင်း သိရသည်။ ထို့ကြောင့် မကြာမီကာလအတွင်း မြန်မာနိုင်ငံတွင် ဈေးနှုန်းသက်သာသည့်အပြင် အင်ဂျင်ပါဝါသေးသည့်အတွက် စီစားပါသက်သာသော ကားအသေးစားများကို ပိုမိုမြင်တွေ့ရဖွယ်ရှိပါသည်။

Author