မန္တလေးတိုင်းဒေသကြီး၌ ပြင်ပမှအဝေးပြေးယာဉ်လိုင်းများအား ဇွန်လ (၁) ရက်နေ့မှစတင်ကာ ပြေးဆွဲခွင့်ပေးသွားမည်

0

Full article

မန္တလေးတိုင်းဒေသကြီး၌ ပြင်ပမှအဝေးပြေးယာဉ်လိုင်းများအား ဇွန်လ (၁) ရက်နေ့မှစတင်ကာ ပြေးဆွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။


လတ်တလောဖြစ်ပွားနေသည့် COVID-19 ကူးစက်ရောဂါကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အဝေးပြေးယာဉ်လိုင်းများပြေးဆွဲခွင့်ကို ပြီးခဲ့သည့် ဧပြီလ (၇) ရက်နေ့မှစတင်ကာ ယာယီရပ်နားထားခဲ့ပြီး တိုင်းဒေသကြီးအတွင်း အဝေးပြေးယာဉ်လိုင်းများပြေးဆွဲခွင့်ကို ပြီးခဲ့သည့် မေလ (၁၅) ရက်နေ့တွင်ပြန်လည်ခွင့်ပြုခဲ့သည့်။ ယခုအခါ မန္တလေးတိုင်းဒေသကြီး၌ ပြင်ပသို့ ပြေးဆွဲခြင်းကို  ဇွန်လ (၁) ရက်နေ့မှစတင်ကာ ပြန်လည်ပြေးဆွဲခွင့်ပြုသွားမည်ဖြစ်ကြောင်းသိရသည်။ ထိုသို့ပြန်လည်ပြေးဆွဲခွင့်ပြုရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်ရမည်ဖြစ်ပြီး နှာခေါင်းစည်း (mask) တပ်ဆင်ရန်၊ ခရီးသည်နှစ်ဦးထိုင်းရမည့် ထိုင်ခုံတွင် တစ်ဦးသာထိုင်စေရန်၊ ယာဉ်ပေါ်သို့မတက်မီ ကိုယ်အပူချိန်တိုင်းရန်၊ ယာဉ်ပေါ်တွင်လေဝင်လေထွက်ကောင်းမွန်စေရေးအတွက် ယာဉ်၏ပြတင်းပေါက်များကိုစီစဉ်ဆောင်ရွက်ရန်၊ ခရီးသည်မတင်ဆောင်မီနှင့် တင်ဆောင်ပြီးနောက် စနစ်တကျ ပိုးသတ်ဆေးဖြန်းရန်စသည့် ခရီးသည်၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ လိုက်နာဆောင်ရွက်ရမည့်အချက်များကို လိုက်နာဆောင်ရွက်စေပြီး ပြေးဆွဲခွင့်ပြုသွားမည်ဖြစ်ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကူးစက်မှုမရှိစေရန် ပြီးခဲ့သည့် ဧပြီလ (၇) ရက်နေ့ကတည်းက ခရီးသည်တင်ယာဉ်လိုင်းများပြေးဆွဲခြင်းကို ရပ်နားထားခဲ့ပြီး ၊ မန္တလေးမြို့တွင် အဝေးပြေးယာဉ်ရပ်နားစခန်း (၅) ခုနှင့် ယာဉ်အသင်းပေါင်း (၄၂၅) သင်း ရှိကြောင်းသိရသည်။

Author