Full article

မန္တလေး မေ ၂၄

အဝေးပြေး ယာဉ်လိုင်းများကို မန္တလေးမြို့ထွက် တံခွန်တိုင်အဝိုင်းနှင့် ကားကွင်းအတွင်းတွင် ပူးပေါင်းအဖွဲ့များဖြင့် သတ်မှတ်စည်းကမ်းများ လိုက်နာမှုရှိမရှိကို မေ ၁၂ရက်မှ စတင်စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိရာ ထိုသို့ လုပ်ဆောင်ခြင်းသည် ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် ရည်ရွယ်ကြောင်း စစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်က ပြောကြားသည်။

ယာဉ်မောင်းသူတို့သည် ယာဉ်ဂိတ်များမှ စတင်ထွက်ခွာစဉ် သောက်စားထားခြင်းမရှိသော်လည်း အမြန်လမ်းအဝေးပြေးလမ်းများပေါ်မှ ယာဉ်ရပ်နားစခန်းများက ဧည့်ခံသည့်အခါ အရက်သေစာများပါရှိ၍ သောက်စားကြပြီး မောင်းနှင်ကြခြင်းများ ရှိနိုင်သဖြင့် ထိုသို့ပြုလုပ်ခြင်းမျိုးကိုလည်း ရှောင်ရှားသင့်ကြောင်း ခရီးသွားတစ်ဦးက သုံးသပ်ပြောကြားသည်။

မန္တလေးချမ်းမြရွှေပြည် အဝေးပြေးယာဉ်ရပ်နားစခန်းမှ ထွက်ခွာ/ဝင်ရောက်လာသော ခရီးသည်တင်ယာဉ်များပေါ်တွင် မီးသတ်ဆေးဘူးပါရှိရန်၊ ယာဉ်ကြံ့ခိုင်မှုရှိရန်၊ လုပ်ငန်းလိုင်စင်၊ သတ်မှတ်သည့် ယာဉ်မောင်းလိုင်စင်၊ ယာဉ်မောင်းနှစ်ဦး၊ ယာဉ်နောက်လိုက်သို့ပါရှိရန်၊ အရက်သေစာသောက်စားခြင်း ရှိမရှိတို့ကို ပူးပေါင်းအဖွဲ့များဖြင့် နေ့စဉ်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

အဝေးပြေး ယာဉ်လိုင်းတွေသာမက မြို့ထဲမှာ ပြေးဆွဲနေတဲ့ ကိုယ်ပိုင်ယာဉ်တွေအပြင် အငှားယာဉ်နဲက ဘတ်စ်ကားတွေကိုလည်း နေ့စဉ်အဖွဲ့သုံးဖွဲ့နဲ့ စစ်ဆေးနေတယ်၊ သတ်မှတ်တဲ့နေရာမှာ ရပ်နားဖို့၊ လုပ်ငန်းလိုင်စင်၊ ယာဉ်မောင်းလိုင်စင် ဒါတွေကို စစ်နေတယ်၊ ယာဉ်တွေနှစ်ထပ်ရပ်တာတွေကိုလည်း အရေးယူတယ်။ ဘတ်စ်ကားတွေဆိုရင် သတ်မှတ်တဲ့နေရာမှာ မရပ်တာမျိုးတွေဆိုရင် အရေးယူနေပြီ၊ ကုန်တင်ခေါက်တိုကားတွေကိုလည်း အပါအဝင်ပေါ့ ဟု စစ်ဆေးရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

မြို့တွင်း၌ မေ၁ရက်မှ မေ၁၉ရက် အထိ သတ်မှတ်စည်းကမ်းမလိုက်နာ၍ အရေးယူခဲ့သည့် ယာဉ်စီးရေ ၇၄စီးရှိပြီး အဝေးပြေးခရီသည်ယာဉ်များကို မေ ၁၂ရက်မှ ၁၉ရက်အထိ စစ်ဆေးခဲ့သည့် စီးရေမှာ ၁၃၁စီးရှိကြောင်း၊ ၎င်းအဝေးပြေးယာဉ်များတွင် သတ်မှတ်စည်းကမ်းနှင့် မကိုက်ညီသည့် ယာဉ်နှစ်စီးတွေ့ရှိခဲ့၍ ပညာပေးကြောကြားခဲ့ကြောင်း၊ ပညာပေးကာလကျော်လွန်ပါက လာမည့်ဇွန်လမှစတင်၍ အရေးယူမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင် (မန်းကိုယ်ပွား)

မြန်မာ့အလင်းသတင်းစာ – မေ ၂၅၊ ၂ဝ၁၄

Author