မန္တလးတိုင်းအတွင်းသို့ ခရီးသွားယာဉ်များ ဝင်/ထွက်သွားလာခြင်းကို ယာယီပိတ်သိမ်းထား

0

Full article

မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ကုန်စည်စီးဆင်းမှုအတွက်ဝင်ရောက်သည့် ကုန်တင်ယာဉ်များနှင့် သာမန် အိမ်စီးကားများမှအပ ကျန်ခရီးသွားယာဉ်များ ဝင်/ထွက် သွားလာခြင်းကို ၁၅.၅.၂၀၂၀ ရက်နေ့ည ၁၂ နာရီအထိ ယာယီပိတ်သိမ်းထားကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ကုန်စည်စီးဆင်းမှုအတွက် ဝင်/ထွက် သွားလာနေသည့် ကုန်တင်ယာဉ်များနှင့် သာမန်အိမ်စီးကားများမှအပ ကျန်ရှိသော ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းများ၊ ဘုရားဖူးယာဉ်များ၊ အပန်းဖြေခရီးသွားယာဉ်များ၊ အလည်အပတ်သွားရောက်သည့်ယာဉ်များနှင့် ယာဉ်မောင်းအပါအဝင် (၄) ဦးထက်ပိုသော မော်တော်ယာဉ်များအားလုံး မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ဝင်ထွက်သွားလာခွင့်ကို (၃၀.၄.၂၀၂၀) ရက်နေ့ ည ၁၂ နာရီအချိန်မှ (၁၅.၅.၂၀၂၀) ရက်နေ့ည ၁၂ နာရီအချိန်အထိ ယာယီပိတ်သိမ်းထားကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ ထို့ကြောင့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်တို့မှ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးသို့သွားရောက်မည့် ခရီးသည်တင်ယာဉ်များအနေဖြင့် မန္တလေးတိုင်းမြို့သို့ဝင်ရောက်ခြင်းမပြုဘဲ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှလာသော ခရီးသည်တင် ယာဉ်များသည် တံတားဦးမှတစ်ဆင့် ရန်ကုန်-မန္တလေးအမြန်လမ်းမှတစ်ဆင့် ရန်ကုန်တိုင်းသို့လည်းကောင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးတို့မှ လာသော ခရီးသည်တင်ယာဉ်များသည် ပခုက္ကူ-ကျောက်ပန်းတောင်းမှတစ်ဆင့် ရန်ကုန် -မန္တလေး အမြန်လမ်းအတိုင်း ရန်ကုန်တိုင်းသို့လည်းကောင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းမှလာသောယာဉ်များသည် ပျော်ဘွယ်(ဘုရားငါးဆူ) မှတစ်ဆင့် ရန်ကုန်- မန္တလေးအမြန်လမ်းမှတစ်ဆင့် ရန်ကုန်တိုင်းသို့လည်းကောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှလာသော ခရီးသည်တင်ယာဉ်များသည် ပြင်ဦးလွင်-တံတားဦးအဝိုင်းမှတစ်ဆင့် ရန်ကုန်-မန္တလေးအမြန်လမ်းအတိုင်း ရန်ကုန်တိုင်းသို့လည်းကောင်း အသီးသီးသွားရောက်ရန် အသိပေးထုတ်ပြန်ထားပါသည်။


မန္တလေးတိုင်းဒေသကြီးအတွင်း စားသောက်ကုန်နှင့် ဆေးဝါးရောင်းချခြင်း၊ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ပုဂ္ဂလိကဆေးရုံများ၊ စက်သုံးဆီဆိုင်များ၊ လျှပ်စစ်ဓါတ်အားပေးလုပ်ငန်းများ၊ ဘဏ်များနှင့် စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးအတည်ပြုထားသော စက်ရုံ၊ အလုပ်ရုံများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများမှအပ အခြားသောဆိုင်များနှင့်လုပ်ငန်းများကိုလည်း ၃၀.၄.၂၀၂၀ ရက်နေ့ည ၁၂ နာရီမှ ၁၅.၅.၂၀၂၀ ရက်နေ့ည ၁၂ နာရီအချိန်အထိ ခေတ္တယာယီပိတ်သိမ်းထားကြောင်း ထုတ်ပြန်ချက်အရသိရသည်။

Author